ကြို့ပင်ကောက် အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို အထက(ကြို့ပင်ကောက်) ကျောင်းတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ သည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းနှင့် ပတ်ဝန်းကျင်သာယာလှပစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး ဦးဆောင်သော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များက ကျောင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ ရှင်လင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး အတွက် ရေမြောင်းများ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စာသင်ခုံများ နေရာချထားခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခွင့်ရရှိပါက ကာကွယ်ဆေး ထိုးရန်အတွက် ကျောင်းသားစာရင်းများ ကောက်ယူခြင်းကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းသားမိဘများအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားကြရန်အတွက် အသိပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)