တနင်္သာရီ အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မောတောင်မြို့အထက(ခွဲ) ကျောင်းဆေးထိုးစုရပ်အတွင်း အသက်(၁၂) နှစ်နှင့်အထက် ဦးတည်အုပ်စုများဖြစ်သော ကျောင်းသူ၊ ကျောင်းသားများအား ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မကြာမှီကာလ အတွင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ (ပထမ) အကြိမ် စတင်ထိုးနှံပေးမည်ဖြစ်ရာ ယင်းသို့ ဆေးထိုးနှံပေး ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ယမန်နေ့ ညနေ ၃ နာရီချိန်က ကျောင်းဝင်းအတွင်းနှင့် ကျောင်းဆောင်များ အတွင်း စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ပေးကြ ကြောင်း သိရှိရသည်။
သန့်ရှင်းရေးဆောင်ရွက်ရာတွင် အထက(ခွဲ)မောတောင်ကျောင်း အုပ်ဆရာမကြီး ဒေါ်နန်းနွယ်နှင့် မောတောင်မြို့ ဒေသခံဆရာ၊ ဆရာမများ၊ မောတောင်မြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလင်းထိုက်စိုးနှင့် အုပ်ချုပ်ရေးအဖွဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျောင်းအကျိုးဆောင်များနှင့် ကျောင်းသား မိဘများ၊ စုစုပေါင်း အင်အား (၃၀) ဦးခန့်က ကျောင်းအဝင်ဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း အမှိုက်သရိုက်များ သန့်ရှင်းဖယ်ရှားပေးပြီး ကာကွယ်ဆေးထိုးရာတွင် အသုံးပြုမည့် စားပွဲ၊ ကုလား ထိုင်များ၊ ဆေးထိုးမည့် ကျောင်းသားများ စနစ်တကျ စောင့်ဆိုင်းရန် နေရာများ၊ ဆေးထိုးပြီး မိနစ် (၃၀) စောင့်ကြည့်ရန် နေရာများ ပြင်ဆင်ဆောင်ရွက်ပေးကြကြောင်း မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလင်း ထိုက်စိုးထံမှ သိရှိရသည်။
အထက(ခွဲ)မောတောင်မြို့ ဆေးထိုးစုရပ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံမည့် ဦးတည်အုပ်စုဖြစ် သော အထက(ခွဲ)မောတောင်ကျောင်းရှိ ဆဌမတန်းမှ တက္ကသိုလ်ဝင် တန်းအထိ ကျောင်းသား၊ ကျောင်းသူ (၃၂၁) ဦးအပါအဝင် မူလွန်-အမှတ်(၃)ကျေးရွာနှင့် မူလွန်-အမှတ်(၉) ကျေးရွာကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၃၀)ဦးခန့်ရှိကြောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းနွယ်ထံက သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း