ပခုက္ကူ အောက်တိုဘာ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပခုက္ကူ)တွင် ယနေ့နံနက် ၈ နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံ ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ် က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ပို့ချသင်ကြားပေးသည့် ဘာသာရပ်များအား လက်တွေ့မြေပြင်တွင် အမှန်တကယ် အကျိုးရှိရှိ ပြန်လည် အသုံးပြုတတ်ရန် လိုအပ်ကြောင်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပခုက္ကူ) ကျောင်းအုပ်ဆရာကြီး ဦးစန်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်း နည်းပြများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၄ ရက်နေ့အထိ တစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပခုက္ကူမြို့နယ် မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၆)ဦးတို့က သင်တန်းသား၊ သင်တန်းသူ(၅၇)ဦးတို့ကို ရှာဖွေကယ်ဆယ်ရေးသုံး ယာဉ်/စက်ပစ္စည်းများ အကြောင်းနှင့် ကိုင်တွယ်အသုံးပြုနည်းများ၊ အခြေခံကြိုးချည်နည်း အမျိုးမျိုး၊ လှေကားသယ်ဆောင် အသုံးပြုနည်း၊ လူနာသယ်ဆောင်နည်းအမျိုးမျိုး၊ မီးဘေးကြိုတင် ကာကွယ်နည်း၊ မီးငြိမ်းသတ်ရေး လုပ်ငန်းစဉ်များ၊ ရှာဖွေကယ်ဆယ်ရေး နည်းလမ်းများ စသည်တို့ကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)