မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲမှ (သုညဒသမ ရှစ်ပေခန့်) ဆက်လက် ရေကျော်ကျ၍ စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုမရှိ

မြို့သစ် အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံသည်  ယနေ့နံနက်ပိုင်းတွင် ရေပိုလွှဲမှ (သုညဒသမ ရှစ်ပေခန့်) ဆက်လက်ရေကျော်ကျ လျက်ရှိပြီး စွန်ဆည် ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှု မရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။

စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာလည်း (၆၂၅)ပေ သာရှိသည့်အတွက် ရေပိုလွှဲမှရေကျော်ကျမှုမရှိပဲ  ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၁ ဒသမ ၃၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ (သုညဒသမ ရှစ်ပေခန့်) ဆက်လက် ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။

ဆဒ္ဒန်ဆည် ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ရေထုတ်ပြွန်၊  ရေပိုလွှဲနှင့် ဆက်စပ် အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ (၂၄)နာရီ ရေကင်း တာဝန်ချထားပြီး ဆည်အောက်ပိုင်းရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်  အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံမှ သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)