ဖောင်းပြင် အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသူများအတွက် ကာကွယ်ဆေး အလုံးရေ တစ်ထောင်ရရှိပြီး ရပ်ကွက်၊ ကျေးရွာများအလိုက် ဆေးထိုးစုရပ်များသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ စန္ဒားကျေးရွာအုပ်စု ဆေးထိုးစုရပ်၌ (၉၀၁)ဦးကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်၍ ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်သို့ စတုတ္ထအသုတ်(ပထမအကြိမ်) အတွက်ရရှိသော ကာကွယ်ဆေး အလုံးရေ တစ်ထောင်ကို လူဦးရေ(၅၀၀၀)ထိုးနှံနိုင်မည်ဖြစ်ပြီး အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဘာသာရေးကျောင်းများမှ ပုဂ္ဂိုလ်များနှင့် နိုင်ငံဝန်ထမ်းများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူတို့အား ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)