ဘူးသီးတောင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူများအား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ဘူးသီးတောင် အောက်တိုဘာ ၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စုရပ်ထားရှိကာ အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူ(၁၅၀)ဦးတို့အား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးရန်လာရောက်သည့် အသက်( ၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူများအား စာရင်းများပြုစုခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်၌ ပထမအကြိမ်(ဒုတိယအသုတ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးခြင်းကို စက်တင်ဘာလ(၁၆)ရက်နေ့ မှစတင်ထိုးနှံရာ အောက်တိုဘာလ (၂)ရက်နေ့အထိ သတ်မှတ်စုရပ်များတွင် ထိုးနှံလျက်ရှိပြီး ဆေးထိုးနှံပြီးစီးသူ(၁၅၃၀၅)ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံနေမှုများကို ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)