မကွေး အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ကျောက်စံကျေးရွာရှိ ဖူးပွင့်မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက်မှ တောင်သူ(၂၇)ဦးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် Jasmine-105 ဧက(၁၀၀)စိုက်ခင်းသို့ ရောက်ရှိပြီး စပါးပင်များ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးကာ တောင်သူများနှင့် တွေ့ဆုံ၍ ဖူးပွင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လိီမိတက်မှ တာဝန်ရှိသူနှင့် တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် လယ်ကိုင်း ကျေးရွာအုပ်စု၊ လှည်းကြီး ကျေးရွာရှိ တောင်သူ ဦးခင်မောင်ထွန်း၏ မိုးစပါးစိုက်ခင်းအတွင်း ဒေသခံတောင်သူများ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးလယ်မြေ(၂၀) ဧက အကျိုးပြုမည့် ဆိုလာစနစ်အသုံးပြု စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေအား ကြည့်ရှုပြီး တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှု လုပ်ငန်းအား ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် ရာသီအလိုက် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ ကွင်းအမှတ် (၉၁၀)တွင် စိုက်ပျိုးရေး ဦးစီးဌာနမှ သိပ္ပံနည်းကျ အထူးအထွက်တိုးစနစ်ဖြင့် ဆောင်ရွက်ထားရှိသော မိုးစပါးစိုက်ခင်းဧက (၁၀၀)စံပြကွက်သို့ ရောက်ရှိပြီး တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးသီးနှံ စိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်း ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများအား ဆွေးနွေးပြောကြားပြီး စံပြကွက်မိုးစပါး စိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ ကွင်းအမှတ်(၉၀၉)တွင် ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း လီမိတက်မှ စပါးသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မျိုးစေ့ထုတ် စိုက်ခင်းများတွင် ဆေးဖြန်းခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ဆင်းသုခစပါးစိုက်ခင်း သီးနှံရိတ်သိမ်းခြွေလှေ့နေမှုနှင့် ပေါ်ဆန်းနက်စပါးစိုက်ခင်း စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှုများအား ကြည့်ရှုအားပေးပြီး၊ ဖူးပွင့်မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် မျိုးစပါး အခြောက်လှမ်းသန့်စင်စက်ရုံတွင် စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်နေမှုများနှင့် အအေးခန်းအတွင်း မျိုးကောင်းမျိုးစေ့ သိုလှောင်ထိန်းသိမ်း ထားမှုများကို ကြည့်ရှုစစ်ဆေးကာ ဖူးပွင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မိုးခိုင် က တိုင်းဒေသကြီး အတွင်း စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးနေမှုများနှင့် စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေးတင်ပြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့၊ အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ အစည်းအဝေးခန်းတွင် စက်ရုံမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ စက်ရုံလည်ပတ်နေမှုနှင့် အရည် အသွေးမြှင့် ချည်မျှင်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်ရန် လုပ်ငန်းများအား ဆွေးနွေးမှာကြားပြီး စက်ရုံအတွင်း ချည်မျှင်ထုတ်လုပ်နေမှု အဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)