ပွင့်ဖြူ အောက်တိုဘာ ၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်စံပြကျေးရွာ အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က နိုင်ငံတော်အစိုးရမှ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားအသိအမှတ်ပြု နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းအား ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်၍ ကျေးရွာနေပြည်သူများ အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိပါက အခမဲ့ လာရောက်ပြုလုပ် ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြား သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာ အုပ်စုရှိ ဒေသခံကျေးလက်နေ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက် ရေးသွင်းပေးခြင်း၊ အသေစာရင်း ပယ်ဖျက် ပေးခြင်းများကို နေ့ချင်းပြီး အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် “လူမှုဘဝ ပြည့်စုံဘို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ဝန်ဆောင်မှုပေးခြင်းကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ရုံးသို့ သွားလာရန် အခက်အခဲရှိသော သက်ကြီး ဘိုးဘွားများ၊ မသန်စွမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ရန် အခက်အခဲရှိသူများကို ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်းသွားရောက်၍ လိုအပ်သော အထောက်အထားများ စိစစ်ကာ စနစ်တကျ ပြုလုပ်ဆောင်ရွက် ပေးနေကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)