မြိတ် အောက်တိုဘာ ၃
နိုင်ငံသားတစ်ဦးချင်းစီ၏ နိုင်ငံသားအခွင့်အရေးများ ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်သူများအား ရပ်ကွက်/ကျေးရွာများအရောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် ရေပုန်းရပ်ကွက် အလကကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည့် ရေပုန်းရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ စာရင်းပေးထားသူ (၅၀၀)ကျော်ရှိကြောင်း၊ ပန်းခင်း စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့် ပြီးသူများ၊ ယာယီအိမ်ထောင်စုလူဦးရေစာရင်းနှင့် သာမန် အိမ်ထောင်စု လူဦးရေစာရင်းများ ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်ခင်လင်းဝေနှင့် ဝန်ထမ်းများက ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
“ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ပန်းခင်းစီမံချက်ရဲ့ ဆောင်ပုဒ်အတိုင်း နိုင်ငံသားများ အားလုံး၏ လက်ထဲတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းရရှိအောင် ဥပဒေနှင့်အညီ ဖြေလျော့မှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် ၃-က (၉၄၂)ကတ်၊ ၆-က (၁၁၅၃) ကတ်၊ လဲလှယ်(၃၃၃)ကတ်၊ မိတ္တူ (၅၃၈)ကတ် စုစုပေါင်း (၂၉၆၆)ကတ်နှင့် သာမန် အိမ်ထောင်စု လူဦးရေစာရင်း (၂၉၃၀)စောင်၊ ယာယီရွေ့ပြောင်း(Migrant) အိမ်ထောင်စုလူဦးရေစာရင်း (၁၅၉၆)စောင် စုစုပေါင်း(၄၅၂၆)စောင်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်း၍ ပြည်သူများအား ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ခိုင်ထူး (မြိတ်)