ပွင့်ဖြူ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် အခြေခံပညာ ကျောင်းများရှိ အသက်(၁၂)နှစ်အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများအနေဖြင့် အခြေခံပညာ ကျောင်းများတွင် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း အဆင်ပြေစွာ ထိုးနှံပြီးစီးရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး က အသက်(၁၂)နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများ စာရင်းအချက်အလက်များနှင့် ကာကွယ်ဆေးထိုးနှံမည့် ဆေးထိုးစုရပ်လျာထားမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် က ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အဆင်ပြေ ချောမွေ့စေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာ ကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပွင့်ဖြူမြို့(အ.ထ.က)၊ ရှောက်တော ကျေးရွာ(အ.ထ.က)၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က)၊ ကျောင်းတော်ရာကျေးရွာ(အ.ထ.က)၊ မဲဇလီကျေးရွာ(အ.ထ.က)၊ လယ်ကိုင်းကျေးရွာ(အ.ထ.က)၊ ထနောင်းကုန်းကျေးရွာ (အ.ထ.က) စုစုပေါင်း ဆေးထိုးစုရပ်(၇)နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)