အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့”အထိမ်းအမှတ် အဖြစ် အငြိမ်းစားဆရာကြီးတစ်ဦးနှင့်တွေ့ဆုံမေးမြန်းခြင်း

ကန့်ဘလူ အောက်တိုဘာ  ၃

မေး။ ဆရာကြီး မင်္ဂလာပါရှင့်။ ဆရာကြီးရဲ့ အမည် ၊ အသက် ၊ နေရပ်လိပ်စာလေးကိုပြောပြ  ပေးပါအုံးရှင်။

ဖြေ။ ဆရာကြီးအမည်ကတော့ ဦးစိုးမြင့် (ခ) ဦးစိုးမြင့်ဝေ ဖြစ်ပါတယ်။ အသက် (၆၇) နှစ်ရှိပါပြီ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၃) ရပ်ကွက်မှာနေထိုင်ပါတယ်။

မေး။ ဆရာကြီး ပင်စင် ယူခဲ့တဲ့ကာလက ဘယ်အချိန်လောက်ဖြစ်မလဲရှင်။

ဖြေ။ ၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလက အသက်(၆၀)ပြည့် ပင်စင်ယူခဲ့ပါတယ်။

မေး။ ဆရာကြီး ပင်စင်မယူခင် ဘယ်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါသလဲရှင်။

ဖြေ။ မူလတန်းပြဆရာ  ဘဝမှစပြီး    အလယ်တန်းပြ ၊    အထက်တန်းပြ   ရာထူးများမှာ ကန့်ဘလူမြို့နယ်ထဲက အမက(လိတ္ထူ)၊ အမက (၅)၊ အမက (မင်းကုန်း -ဂ) ၊ အထက(၁) ကန့်ဘလူတို့မှာ ၃၃နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပြီး  အလယ်တန်း  ကျောင်းအုပ်ကြီး အဖြစ်နဲ့ သဖန်းဆိပ်ဆည်ကမ်းပါးက အထက(ခွဲ)  လွှတ်တိုက်ရွာ၊  ကျွန်းလှမြို့နယ်မှာ (၃) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး   အဲ့ဒီကနေ   သက်ပြည့်အငြိမ်းစားယူခဲ့ပါတယ်။

မေး။ ဆရာ့ကျင့်ဝတ်တွေနဲ့ပတ်သက်ပြီးလဲရှင်းပြပေးပါအုံးရှင်။

ဖြေ။ ဆရာ့ ကျင့်ဝတ်ဆိုတာနဲ့ ပတ်သက်လို့ ပြောရရင်   ပြည်သူ့နီတိမှာ   ဆိုရိုးရှိထားတဲ့ ကျင့်ဝတ် ငါးဖြာဆိုတာ အတော်ခြုံငုံပြည့်စုံပါတယ်။ “အတတ်လည်းသင် ၊ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန် ၊ ဘေးရန်ဆီးကာ ၊ သင့်ရာအပ်ဖို့ ဆရာတို့ ၊ ကျင့်ဖို့ ဝတ်ငါးဖြာ” ဆိုတာပေါ့။   

အဲ့ဒီထဲမှာ အတတ်သင်တာတို့ သိပ္ပမချန်တို့ဆိုတာက ဘယ်ဆရာမဆို ဆောင်ရွက်နေကြမြဲ  ပုံမှန်အလုပ်ပါလို့ ပြောလို့ရတယ်။  ပဲ့ပြင်ဆုံးမတို့ ၊  ဘေးရန်ဆီးကာဖို့  ၊ သင့်ရာ အပ်ဖို့ တို့ဆိုတာကျတော့ ဆရာ / ဆရာမ တို့ရဲ့ကိုယ်တိုင် အတွေ့အကြုံ ၊ ခံယူချက် ၊   လုပ်သက် ၊ သဘာရင့်ဖို့ စတာတွေ လိုသေးတယ်လို့ ထင်တယ်။  ဆရာကိုယ်တိုင်က ဘက်စုံထောင့်စုံ အရည်အချင်းပြည့်ဝနေဖို့က ဘဝအတွေ့အကြုံ အသက်အရွယ်တွေ ကလည်း လိုအပ်သလို အမြဲတမ်းလေ့လာနေဖို့လည်း လိုပါတယ်။ တပည့်တွေကို   သွန်သင်ဆုံးမ လမ်းညွှန်မယ့်ဆရာတွေက ပိုပြီး အရည်အချင်းပြည့်ဝနေဖို့ လိုတယ်လို့ ဆိုလိုတာပါ။

မေး။ တပည့်ကျင့်ဝတ်နဲ့ပတ်သက်ပြီးလဲ ရှင်းပြပေးစေချင်ပါတယ်ရှင် ။

ဖြေ။ တပည့်ကျင့်ဝတ်နဲ့ပတ်သက်လို့လည်း နီတိတွေထဲက အတိုင်း  “ ညီညာထကြွ ၊ ဆုံးမ  နာယူ၊ လာမူကြိုဆီး ၊ ထံနီးလုပ်ကျွေး ၊ သင်တွေးအံရွတ် တပည့်ဝတ်” တဲ့။ အကုန်ပြည့်စုံစလောက်ပါဘဲ။ တပည့်တွေအနေနဲ့လည်း  ဒီလို ကျင့်ဝတ်လေးတွေ  လိုက်နာ နိုင်အောင် ဆရာကဘဲ ဦးဆောင်လမ်းပြလုပ်ပြီး လေ့ကျင့်ပေးရမှာပါ။ ဒီနေရာမှာတော့ မူလတန်းအောက်ဆင့် အရွယ်ကစပြီး နူးညံ့သိမ်မွေ့တဲ့ အချိန်၊ ပျော့ပျောင်း   ညင်သာ  တဲ့  စိတ်ခံစားမှု  ရှိနေတဲ့အရွယ်မှာ စနစ်တကျ  သင်ကြားမှု  ပေးလိုက်ရင်   ဘဝတစ် လျောက်လုံး အလေ့အကျင့်ကောင်းလေးတွေဟာ စွဲမြဲသွားပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် တန်းစဉ်တတ်သွားတဲ့အခါ ငယ်ငယ်က ပါလာတဲ့ စရိုက်ကောင်းကောင်း၊ အလေ့အကျင့် ကောင်းကောင်းတွေဟာ မပျက်သွားတတ်ပါဘူး။  မှားယွင်းတဲ့အလေ့အကျင့် အမူအယာတွေဟာ  စွဲမြဲလာခဲ့ရင်  အတန်းကြီးလာရင်၊  အသက်ကြီးလာရင် ၊ သာမန်အားဖြင့်ပြုပြင်ရခက်တတ်ပါတယ်။ ဒါ့ကြောင့် အသက်အရွယ်အရရော အတန်းအဆင့် အရရော ၊ ပတ်ဝန်းကျင် အနေအထားတွေ ၊ ဘဝနေထိုင် ကျင်လည်ရမှု အနေအထား   တွေအရ ပြောင်းလဲလာတဲ့  စိတ်ခံစားမှုတွေ  များပြားလာရင် တပည့်တစ်ယောက်မှာ ရှိရမယ့်ကျင့်ဝတ်တွေဟာလည်း ငယ်စဉ်ကတည်းက ပါမလာခဲ့ဘူးဆိုရင် အဲ့ဒီကလေး   တွေရဲ့ ရှေ့ဘဝခရီးဟာ မချောမွေ့နိုင်တော့ပါဘူး ။ ဒါကြောင့်  ဆရာတွေ အနေနဲ့ တပည့်ကျင့်ဝတ်ကိုလည်း လိုအပ်သလို ပြောဆိုမှာကြားပြီး လိုက်နာနိုင်အောင် သတိပေး ဆုံးမဖို့ လိုအပ်ပါတယ်လို့ ဆရာကြီးအနေနဲ့ပြောချင်ပါတယ်။

မေး။ ဆရာကြီးတို့ တာဝန် ထမ်းဆောင်စဉ် ကာလတုန်းက  ဒီကျောင်းသား  လူငယ်တွေ လိမ္မာယဉ်ကျေးအောင် ဘယ်လိုသွန်သင်လမ်းညွှန်း ဆုံးမမှု ပေးခဲ့ပါသလဲရှင်။

ဖြေ။ ဆရာကြီးတို့ တာဝန် ထမ်းဆောင်စဉ်က တပည့်တွေကို လိမ္မာယဉ်ကျေးဖို့    ဘယ်လို ဆုံးမခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ကတော့ ကိုယ်တိုင် ဆရာမဖြစ်ခင် ကျောင်းသားဘဝထဲက စောစောကပြောတဲ့ ဆရာ့ကျင့်ဝတ် ၊ တပည့်ကျင့်ဝတ် ဆိုတာတွေက စွဲနေတာ။ ဆရာကြီးတို့ငယ်ငယ် မူလတန်းကျောင်းသားဘဝမှာတုန်းက ပြည်သူ့နီတိဆိုတဲ့ ဘာသာရပ်က သင်ခဲ့ရတဲ့ ဘာသာတစ်ခုထဲမှာ ပါတယ်။ ဆရာတွေကလဲ သင်သလို  ကျက်ရတဲ့ကဗျာတွေစာတွေမှာလည်းလိမ္မာယဉ်ကျေးဖို့၊လူနဲ့ပတ်ဝန်းကျင်မှာနေထိုင် တတ်ဖို့ ၊  ဘာသာရေး ၊ ယဉ်ကျေးမှု ၊ လူမှုရေးကျင့်ဝတ်တွေက အကုန်လိုလိုပါတယ်။  

 ငယ်ငယ်က မသိတာတွေပါလည်း ကျက်နေရတဲ့ ကဗျာတွေ စာတွေအရ ဆုံးမစကား  တွေမှန်းလည်း သိတယ်။ ကိုယ်တိုင် ဆရာဖြစ်လာတော့  ဒါတေွက  တအားအသုံးဝင်  သွားတယ်။ တပည့်တွေအတွက် လူမှုဘဝနေထိုင်ဖို့  အပြောအဆို ကိုယ်  အမူအယာ၊ နှုတ်အမူအယာကအစ လိုက်နာရမယ့် ဓလေ့ထုံးတမ်းတွေ ၊ ကိုးကွယ် ယုံကြည့်မှုဆိုင် ရာ ဘာသာ တရားတွေ  အစရှိတဲ့  ဆုံးမသွန်သင်မှု ၊ လမ်းညွှန်မှု တွေကို လိုအပ်သလို  ဆောင်ရွက်နိုင်ခဲ့တယ်။   အဓိကကတော့   ကိုယ်တိုင် ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့  ဘဝ အတွေ့ကြုံတွေနဲ့အတူ မှတ်သားနာယူဘူးတဲ့ အကြောင်းအရာတွေနဲ့တွဲပြီး တပည့်   တွေအတွက် အမှားအမှန်  အဆိုးအကောင်း စဉ်ခြင် ဆုံးဖြတ်ဝေခွဲတတ်ဖို့   လမ်းညွှန်  မှာကြားဆုံးမပါတယ်။ ယခုလည်းဘဲ သီးခြားပြဋ္ဌာန်း မထားပေမယ့် ဆရာ / ဆရာမ တိုင်းလိုလို အချိန်အခါမရွေး တိုက်ဆိုင်ကြုံတွေ့ရတိုင်း လိမ္မာယဉ်ကျေးဖို့ ဆုံးမ သွန် သင်ပေးလေ့ရှိပါတယ်။ တိုးတက်မြင့်မားနေတဲ့ ခေတ်ကာလ အနေအထားအရဆရာ  တွေရဲ့ ဆုံးမပဲ့ပြင် လမ်းညွှန်မှု အားနည်းသွားရင် လမ်းမှား  ရောက်သွားနိုင်တာမျိုး၊  ဦးတည်ချက်  ပျောက်သွားနိုင်တာမျိုးတွေကို   လွယ်လွယ်လေး  ဖြစ်သွားနိုင်တယ်။  ဒါ့ကြောင့် ဆရာကြီးတို့ကတော့ လိမ္မာ ယဉ်ကျေးမှုကစပြီး   ဘယ်လို   ကိစ္စမျိုးမဆို တပည့်တွေအတွက် လစ်လျူရှုမနေတတ်တဲ့စိတ်နဲ့ အမြဲလို   တွေ့တိုင်းကြုံတိုင်း မှာကြား လမ်းညွှန်တတ်တဲ့အကျင့်က စွဲနေတော့တာပါဘဲ။

မေး။ ဆရာကြီးရှင် ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါမှာ ဆရာ / ဆရာမတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အ‌ရေးပါသလဲဆိုတာကိုလဲ ပြောပြပေးပါအုံးရှင်။

ဖြေ။ ဆရာ/ဆရာမအခန်းကဏ္ဍ ဘယ်လောက်အ‌ရေးကြီးလဲဆိုတာပြောရရင်အရေးအကြီး ဆုံး ကဏ္ဍဘဲလို့ ပြောချင်တယ်။  အမိဝမ်းတွင်းက မွေးကတည်းက သင်ခဲ့ရတာမို့ “လက်ဉီးဆရာ မည်ထိုက်စွာ ပုဗ္ပာစရိယ မိနဲ့ဖ လို့ဆိုတယ်မို့လား ။ မိဘပြီးရင်တော့  ဒုတိယ လက်ဦးဆရာက ဆရာ  /  ဆရာမဘဲ။  စစ်ကြည့်လိုက်ရင် မိဘဆိုတာတောင်  ဆရာလောက်  သတိမထားမိတာတွေ  အများကြီး။   မိဘပြီးရင်အချိန်အများဆုံး  ထိတွေ့ ရတာ ဆရာ/ဆရာမတွေပါဘဲ။ ပညာသင်ဖို့ ခြေလှမ်းတောင် မစခင်ကထဲက  နေ့ကလေးထိန်းကျောင်း မူကြို မှာ စတွေ့ရတာ ဆရာ/ဆရာမတွေပါဘဲ။ အဲ့ဒီကစပြီး လူ့လောကအကြောင်းစာပေအတတ်ပညာတွေမပါဘဲနေထိုင်သွားလာတတ်အောင် ၊  ပြောဆိုစားသောက်တတ်အောင် ၊ တစ်ကိုယ်ရည်  ကိစ္စအားလုံး  စနစ်တကျရှိအောင်   လေ့ကျင့် ပေးလိုက်ကြတဲ့ လက်ဦးဆရာ /  ဆရာမတွေ သိပ်ကို အရေးကြီးပါတယ်။   နောက်ဆက်ပြီး မူလတန်းအောက်ဆင့်၊ အထက်ဆင့် တွေ (က)  ကြီးကအစ (အ) ၊   ဝလုံးလေး  ဝိုင်းဝိုင်းရေး ဆိုပြီး စခဲ့ကြတဲ့ ကန့်ကူ လက်လှည့် ဆရာ / ဆရာမတွေရဲ့ ကဏ္ဍဟာ သိပ်ကို အရေးကြီးပါတယ်။ အခြေခံပညာကို စတင်သင်ကြားရင်းနဲ့ကိုယ်  ကျင့်တရား ၊ယဉ်ကျေးမှု ၊ ကျန်းမာရေး ၊ လူမှုရေး ၊ အားကစားအစရှိတဲ့ အကြောင်း   အရာတွေ သူငယ်တန်းကအစ အဆင့်အလိုက် အသက်အရွယ်အလိုက် ဆုံးမသွန်သင် ရင်း တစ်ဦးချင်းစီရဲ့ အရည်အချင်း ဗီဇနဲ့ကိုက်ညီတဲ့ ဘဝလမ်းကြောင်းကို ရွေးချယ်နိုင်ဖို့၊တိုးတက်အောင်မြင်မှုရရှိဖို့အဓိကအကျဆုံးဟာ ဆရာ/ဆရာမတွေရဲ့ လမ်းညွှန်မှုပါဘဲ။ နေ့တဓူဝလိုလို စာသင်ရင်းနဲ့ တပည့်တွေ တစ်ဉီးချင်းစီရဲ့ အရည်အချင်း၊ စိတ် အနေအထားအနီးကပ်ဆုံးအသိနိုင်ဆုံးဖြစ်တဲ့ ဆရာ / ဆရာမတွေရဲ့အခန်းကဏ္ဍဟာ အဓိကမို့ အရေးကြီးပါတယ်။ မိဘအများစုဟာမိဘဆိုတဲ့အတိုင်းသားသမီးကို ချစ်တဲ့  စိတ်နဲ့ကိုယ်ဖြစ်စေချင်တာ မြင့်မားတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆုံးဖြတ်ကြတဲ့အခါ သား  သမီးရဲ့အစစ်အမှန်အရည်အချင်းကိုမေ့လျော့သွားတတ်ကြတယ်။ဆရာ/ဆရာမတွေက နားလည်ပေမယ့်လည်း မပြောသာတော့ တစ်ချို့ကလေးတွေဟာ ဆန္ဒနဲ့ဘဝထပ်တူ မဖြစ်တော့တဲ့အခါ  ထူးချွန်သင့်သလောက်  မထူးချွန်ဘဲ   ဖြစ်ခဲ့တာတွေ  ကြုံဘူး တယ်။ ဥပမာပြောရင် ဆရာဝန်ဝါသနာပါတဲ့သူက အင်ဂျင်နီယာဖြစ်ပြီး ၊ အင်ဂျင်နီယာ  ဖြစ်ရမယ့်သူက ဆရာဝန်လိုင်း ရောက်သွားတော့ သူ့ဝါသနာ ဗီဇမဟုတ်တော့ ထင်သ လောက်   မထူးချွန်တော့ဘဲ ဖြစ်သွားတတ်တယ်။  ဒါ့ကြောင့် ဘဝမှာ ထူးချွန်ပြောင်  မြောက်တဲ့ လူတော်လူကောင်းတစ်ယောက်ဖြစ်ဖို့ အဆင့်ဆင့်သင်ကြားပေးလိုက်ကြတဲ့ ဆရာ / ဆရာမအားလုံးရဲ့ အခန်းကဏ္ဍဟာ အလွန်ကို  အရေးကြီးပါတယ်ဆိုတာ မှတ်ချက်ပြုပြောကြားချင်ပါတယ်။

မေး။ ဆရာကြီးအနေနဲ့ကမ္ဘာ့ဆရာများနေ့အမှတ်တရလေးများရှိလျင်ပြန်လည်မျှဝေပေးပါအုံးရှင်။

ဖြေ။ ကမ္ဘာ့ဆရာများနေ့နဲ့ပတ်သက်ပြီး အမှတ်တရအနေနဲ့ကတော့ ဆရာတို့ပင်စင်ယူပြီးစ ၂၀၁၆ခုနှစ်လောက်ကလားမသိဘူး။ ကန့်ဘလူအထက(၁)ခန်းမမှာ နိုင်ငံတော်အဆင့်လမ်းညွှန်မှုနဲ့ ကမ္ဘာ့ဆရာများနေ့  အခမ်းအနားအဖြစ်    အာစရိယပူဇော်ပွဲကို ကျင်းပတာ ကြုံခဲ့ရတယ်။ အသက် ( ၇၀ ) နှစ်အထက်  အငြိမ်းစား ဆရာ/ဆရာမကြီးတွေကို  ကန်တော့တာလို့ပြောပါတယ်။ အဲ့ဒီပွဲကို ဝိုင်းဝန်းလုပ်အားပေးရင်း ကြုံတွေ့ရတဲ့  မြင် ကွင်းလေးဟာ တကယ့်ကို ကြည်နူးစရာပါဘဲ။ ဆရာ/ဆရာမ လက်ရှိတာဝန်ထမ်း ဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေ စုပေါင်းကုသိုလ်ပြုကြတာလို့လည်းသိရပါတယ်။  တစ်မြို့နယ်လုံး သက်ကြီး ဆရာ/ ဆရာမ ( ၅၀) ကျော်လောက်တစ်ဦးကို သောင်း ဂဏန်း နည်းနည်းဘဲ ကန်တော့နိုင်ပါတယ်။ ဒါပေမယ့်အသက်(၇၀)ကျော်ကနေ (၉၀)  ကျော်အထိ ဆရာကြီး /ဆရာမကြီးတွေ  ချိချိနဲ့နဲ့ အိုမင်းမစွမ်းဖြစ်နေပေမယ့် ကမ္ဘာ့ အဆင့် ဆရာများနေ့ဆိုတဲ့  ကမ္ဘာနဲ့ချီတဲ့ ဆရာဆိုတဲ့  ဂုဏ်ကို ချီးမြှင့်တာမို့ တတ်ကြွ ရွှင်လန်းကြည်နူးပျော်ရွှင်နေကြတဲ့မြင်ကွင်းကတော့ တကယ့်ကိုမေ့မရတဲ့အမှတ်တရ  မြင်ကွင်းပါဘဲဗျာ။

မေး။ အခုလိုပြည့်ပြည့်စုံစုံနဲ့ဖြေကြားပေးတဲ့အတွက်ဆရာကြီးကိုကျေးဇူးတင်ပါတယ်ရှင်။

ဖြေ။ ဆရာကြီးအနေနဲ့လည်း  အခုလိုကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အင်တာဗျူးမှာ ပြောဆိုဖြေကြားခွင့်ရတဲ့အတွက်လည်း ကျေဇူးတင်ဝမ်းမြောက်မိပါတယ်။

လဲ့လဲ့ဝင်းမောင်၊အောင်ဝင်းငြိမ်း