မြိတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွားလာသူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်

မြိတ်   အောက်တိုဘာ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွား လာမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းတွင် ပုလဲမွန်လမ်းဆုံ၊ ပုလဲရတနာ ခန်းမအရှေ့၊ ဆိပ်ငယ်စျေးကြီး အနောက်လမ်းဆုံ နေရာများတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိပြီး လိုင်စင်မဲ့ မော်တော်ယာဉ်များအား စစ်ဆေးရေးအဖွဲ့များမှ ရှောင်တခင်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတိပေးဆိုင်းဘုတ်၌မြိတ်မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်နယ်မြေအတွင်း တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များအား စီးနင်းသွားလာခွင့်မပြုပါ။ စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်။ ပြစ်ဒဏ်()နှစ်ထိ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံးအပြင် သက်သေခံပစ္စည်းအား ပြည်သူပိုင် သိမ်းဆည်းခြင်းခံရမည်ဟု ဖော်ပြပါရှိသည်။

မြိတ်မြို့တွင် လက်ရှိအချိန်၌ One Stop Service စီမံချက်ဖြင့် မော်တော်ဆိုင်ကယ်များအား ဌာနဆိုင်ရာများမှ ဥပဒေနှင့်အညီ ဦးမြတ်လေးပန်းခြံ စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တရားဝင်မှတ်ပုံတင် ပေးလျက်ရှိပြီး မှတ်ပုံတင် ပြုလုပ်ပေးခြင်းကို တရားမဝင်ဆိုင်ကယ်များ လျော့နည်းပပျောက်စေရေး၊ ဆိုင်ကယ်အသုံးပြု၍ ပြစ်မှုကျူးလွန်မှုများအား ထိရောက်စွာ ဖော်ထုတ် အရေးယူနိုင်ရေး၊ ပြည်သူများသွားလာပို့ဆောင်မှု အဆင်ပြေစေရေး၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ တိုးတက်ဖြစ်ထွန်းစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)