စုကလိ အောက်တိုဘာ ၃
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်ကစတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြူတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာနေ ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း