ခင်ဦး အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ဆောင်ရွက်နေမှုကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယနေ့တွင် ခရီးသွားမော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ လမ်းသွား၊ လမ်းလာပြည်သူများကို အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် Sticker Campaign များ ဆောင်ရွက်ခဲ့သည်။
ခင်ဦးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ အသက်(၁၈)အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပျက်စီး၊ ပျောက်ဆုံးခြင်းတို့ကို အထောက်အထားများနှင့် တိုက်ဆိုင်စိစစ်ပြီး အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးလျက် ရှိကြောင်းကြောင်း မြို့နယ်ဦးစီးမှူး ဦးခင်စိုးထံက သိရသည်။
စိုးဝေအောင်(ခင်ဦး)