မေတ္တာ အောက်တိုဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများ ပြုလုပ်ပေးရန် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဖောင်းတောကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်းခန်းမ၌ အခြေပြု၍ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ထားဝယ် မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ ဖောင်းတောကျေးရွာသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေး ကတ်များပြုလုပ်ပေးရန် ပန်းခင်း စီမံချက်ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ရာတွင်ပါရှိ ရမည့် အထောက်အထားများ၊ ပျောက်ဆုံး၊ ပျက်စီးမှုမရှိစေရေး၊ စနစ်တကျကိုင်တွယ် အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ရှေ့ပြေးကိုယ်ရေး လျှောက်လွှာများ ဖြန့်ဝေခြင်းများအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့မွေးဖွားရာ ဇာတိတွင်အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်းနေသူများ အနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက် မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
နန်းခလိုက်(မေတ္တာ)