မြိတ် အောက်တိုဘာ ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်လာ နိုင်မှုများကို လျှော့ချနိုင်ရန် မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်)မှဦးဆောင်၍ ပပြင်ကျေးရွာအုပ်စုရှိ ကျေးလက်နေ ပြည်သူများအား ကိုဗစ်ရောဂါပိုး ရှိမရှိ ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိသည်။
ကျေးလက်နေပြည်သူများအား ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးပေးခြင်းကို မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်)၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း(မြိတ်)နှင့် ပရဟိတအဖွဲ့တို့မှ ကျေးရွာများသို့ ကွင်းဆင်း၍ ကျေးလက် ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ ပပြင်ကျေးရွာ အုပ်စုရှိ ကျေးရွာ(၁၀)ရွာမှ ကျေးလက်နေပြည်သူများအား ကိုဗစ် ရောဂါပိုး ရှိမရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့က(၂၁၀)ဦး စစ်ဆေးရာတွင်(၃၀)ဦး ရောဂါပိုး တွေ့ရှိခဲ့ပြီး ယနေ့တွင်လည်း ပြည်သူများအား ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ကျေးရွာများသို့ ကွင်းဆင်း၍ ရောဂါ ရှာဖွေ စစ်ဆေးဖော်ထုတ်ပေးခြင်းကို ပပြင်ကျေးရွာ အုပ်စုရှိ ပပြင်၊ ကြက်မအုပ်၊ အထက်ပပြင်၊ ဘဲမတီ၊ ရာဇဘာ၊ ကိန်းချောင်း၊ ကင်းချောင်း၊ သမုတ်ငယ်ဖျား၊ သမက်ဖျားနှင့် ဘုတ် ကျေးရွာတို့ရှိ ပြည်သူများအား စစ်ဆေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၃၀)ဦးမှ (၅)ဦးကို မြိတ်ပြည်သူ့ ဆေးရုံ ကိုဗစ်စင်တာသို့ ပို့ဆောင်ပေးခဲ့၍ ကျန်သူများအား ကျေးရွာစာသင်ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက် မှုပေးလျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီ အသင်း(မြိတ်)မှ ကျေးရွာ ကိုဗစ် စင်တာအတွက် နှာခေါင်းစည်း၊ မျက်နှာကာ၊ လက်အိတ်၊ လက်သန့်ဆေးရည်၊ ကာဘော်လစ်ဆပ်ပြာနှင့် လက်ဆေးဆပ်ပြာရည်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ်)