ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးမည်

ကလေး  အောက်တိုဘာ  ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပြည်သူ့ဆေးရုံတွင်    အသက်(၂)လအရွယ်မှ (၁)နှစ်ခွဲအရွယ် အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို အောက်တိုဘာ ၄ ရက်နေ့မှ ၆ ရက်နေ့ အထိ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အတွင်း (၁)ရက်လျှင် ကလေးငယ်ပေါင်း ၁၅၀ ကို  ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဆောင်ရွက်ရာတွင် အသက်(၂)လအရွယ် ကလေးငယ်များကို ဘီစီဂျီ၊ ပိုလီယို(ပထမ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)(ပထမ)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)(ပထမ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ် ကာကွယ်ဆေး) ကိုလည်းကောင်း၊ အသက်(၄)လအရွယ် ကလေးငယ်များကို ပိုလီယို(ဒုတိယ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)(ဒုတိယ)၊ ပိုလီယိုထိုးဆေး၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (ဒုတိယ) ကိုလည်းကောင်း၊ အသက်(၆)လအရွယ် ကလေးငယ်များကို ပိုလီယို(တတိယ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) (တတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (တတိယ)ကိုလည်းကောင်း၊ အသက်(၉)လအရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ပထမ)၊ ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေးများနှင့် အသက်(၁)နှစ်ခွဲကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး (ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (စတုတ္ထ) စသည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးသွားမည်ဖြစ်သည်။

ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးညွှန်ကြားချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာထိုးနှံပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မောင်ကျော်(ပြန်/ဆက်)