ကမမောင်း အောက်တိုဘာ ၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများနှင့် လူသေဆုံးမှုများရှိခဲ့သဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာအပြင် စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများအား လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကရင်တိုင်းရင်းသား လူမျိုးအများစု နေထိုင်ကြသည့် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများသို့ သွားရောက်၍ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ လက်ရှိ အခြေအနေတွင် အရေးအကြီးဆုံးအချက်မှာ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မဖြစ်မနေအိမ်ပြင်ပသို့ ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်များ၏ နေအိမ်ပြင်ပထွက်ခွာသည့် လက်မှတ်ဖြင့် တစ်အိမ်ထောင်လျှင် မိသားစုဝင်တစ်ဦးသာ သွားလာကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များကိုလက်မခံကြရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြပါရန် (Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါ ပိုးကူးစက်ခံရသည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသမှုမျိုး မပြုလုပ်ရန်၊ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အနေဖြင့် ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)