မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေးနှိုးဆော်

မယ်စဲ့ အောက်တိုဘာ  

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား  မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့က တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် စသည့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ သတင်းအချက်အလက် များကို မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)