ကလေးဝ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကိုင်းကျေးရွာအုပ်စု ဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ ကျား(၁၇)ဦး၊ မ(၃၁)ဦး၊ ပေါင်း (၄၈)ဦးနှင့် မှတ်ပုံတင် ပျောက်ဆုံးပျက်စီး အသစ်လဲလှယ်သူ ကျား(၁၆)ဦး၊ မ(၂၁)ဦး၊ ပေါင်း (၃၇)ဦး၊ စုစုပေါင်း(၈၅)ဦးအား ပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မှတ်ပုံတင်ပြုလုပ်သူများအား အခမဲ့ဓါတ်ပုံရိုက်ပေးခြင်း၊ သွေးအမျိုးအစား စစ်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင် နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)