စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဗောဓိတထောင် ရွှေကျောင်းတိုက်သို့ ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗောဓိတထောင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

မုံရွာ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်သာကျေးရွာရှိ သဗ္ဗုဒ္ဓေစေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ဆရာတော်ကြီးထံ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး  ခတ္တကန်(တ)ကျေးရွာ၊ မဟာဗောဓိတထောင် ရွှေကျောင်းတိုက် နာယကဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများ၊ ဆွမ်းဆန်စိမ်းများနှင့် အလှူငွေများဆက် ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မဟာဗောဓိ တထောင်တွင် တည်ထားကိုးကွယ် တည်ဆောက်နေသော ဉာဏ်တော်-၂၄၁ပေရှိ လေးကျွန်းစင်္ကြာ ထိုင်တော်မှု ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုနှင့် အဝင်လမ်း ဆောင်ရွက်မည့် နေရာတို့အား ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဗောဓိတထောင် တောင်တန်းပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ဒေသစိမ်းလန်း စိုပြေရေးအတွက် သစ်ပင်များ စိုက်ပျိုးထားမှုကို သွားရောက်ကြည့်ရှု့ရာ ရှင်းလင်းဆောင်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကြွယ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်ပင်ပေါင်း-၃၃၅၀၀ စိုက်ပျိုးထားမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်ပေါင်း-၃၃၅၀၀ ပင် ရှင်သန်ဖြစ်ထွန်းနေမှု၊ အစားထိုးစိုက်ပျိုးမှုနှင့် စိုက်ပျိုးထားသည့် သစ်ပင်များကို တောင်ခြေရှိအဝီစိတွင်းမှ ရေများကိုရေတင်စက်များဖြင့် အဆင့်ဆင့်တင်ကာ တောင်ထိပ်ပေါ်ရှိ လီတာ-၃၀၀၀ဆံ့ ဖိုက်ဘာရေတိုင်ကီ-၃၅ လုံးမှတစ်ဆင့် နေ့စဉ်ရေသွယ်ပိုက်များဖြင့် ရေများပေးဝေနေမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဗောဓိတထောင် တောင်တန်းပေါ်တွင် စိုက်ပျိုး ဖြစ်ထွန်းမည့် သစ်ပင်မျိုးများကိုသာ စိုက်ပျိုးရန်၊ ရေလိုအပ်ချိန်တွင် အချိန်မီရေပေးဝေခြင်း ဆောင်ရွက်ရန်၊ တောမီးများကူးစက် လောင်ကျွမ်းမှု မခံရစေရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြရန်၊ ယခင်နှစ်များက စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်ကြီးထွားစေရေးကိုလည်း ဂရုပြုဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး ဗောဓိတထောင် တောင်တန်းပေါ်တွင် စိုက်ပျိုးထားရှိသော သစ်ပင်များ ရှင်သန်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)