ပခုက္ကူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၄၆၀၀)ကျော်အား ကိုဗစ်-၁၉ ကာကွယ်ဆေး ယခုလအတွင်းထိုးနှံပေးမည်

ပခုက္ကူ အောက်တိုဘာ ၂

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၄၆၀၀)ကျော်အား  ယခုအောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရောက်နေသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူဦးရေအနေဖြင့် အလယ်တန်း(၃၄၆၁)ဦး၊ အထက်တန်း(၁၁၇၆)ဦး စုစုပေါင်း (၄၆၃၇)ဦးတို့အား ကိုဗစ်ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးရန်ု လျာထားကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေးအတွက် ကျောင်းများတွင် ဆေးထိုးစုရပ်များ စီစဉ်ပြုလုပ် လျက်ထားကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီက ပြောသည်။

 

ပခုက္ကူမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ဦးစားပေးအုပ်စုထဲတွင်ပါဝင်သည့်  အလယ်တန်းနှင့်အထက်တန်း ကျောင်းများရှိ အသက်(၁၂)နှစ်အထက်ကျောင်းသား/သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinovac) ထိုးနှံပေးမည်ဖြစ် ကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ကာ ကျောင်းသင်ခန်းစာများအမြန်ဆုံးပြန်လည်သင်ကြားရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ်၊အောက်တိုဘာလအတွင်း ထိုးနှံပြီးစီးရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများအားလုံးဝိုင်းဝန်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)