နတ်မောက် အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးရွာသွန်းမှု ကြောင့် တံခွန်တိုင်ကျေးရွာ တံခွန်တိုင်ချောင်းတွင် ရေစီးသန်၍ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့မှ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာသို့ မောင်းနှင်လာသော ယာဉ်အမှတ် 9J/6532 ISUZU (ခဲရောင်) မော်တော်ယာဉ်သည် တံခွန်တိုင်ချောင်းရေကျော်အား ဖြတ်ကူးရာ ချောင်းရေကြီးမှု ကြောင့်ချောင်း၏ ယာဘက် (၁၀)ပေ ခန့်အကွာ ယာဉ်တိမ်းမှောက်မှုမရှိဘဲ ချောင်းအတွင်းသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးကျသွားသော မော်တေ်ယာဉ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်လျှပ်စစ်မှူး ဦးခင်မောင်စိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမော်နှင့်တပ်ဖွဲ့ဝင် (၁၂)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ရပ်ဖများက ဝိုင်းဝန်းကူညီဆောင် ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ မရှိပါကြောင်းနှင့် (၁၂:၀၅) နာရီ အချိန်ခန့်က မော်တော်ယာဉ်အားကရိန်းဖြင့်ဆွဲတင်နိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်