ငဖဲ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံသည် ယနေ့ နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ် (၆၂၅)ပေ အထက်ရေပိုလွှဲမှ (၀.၅)ပေ နှင့် ရင်းရှည်ရေလှောင်တမံမှ တမံရေပြည့်အမှတ် (၆၀၂)ပေအထက် ရေပိုလွှဲမှ (၀.၂)ပေခန့် ပြန်လည် လျော့နည်းကျဆင်းလာကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။
ငဖဲမြို့နယ်တွင် စက်တင်ဘာလ စတုတ္တပတ်အတွင်း မိုးရွာသွန်းမှုများပြားခဲ့တဲ့အတွက် တမံအတွင်း တောင်ကျချောင်းရေနဲ့ မိုးရေအဝင်များပြီး ရေပြည့်မှတ်ရောက်လာခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မန်းချောင်းတမံရေပိုလွှဲမှ ၁.၄ ပေအမြင့်နှင့် ရင်းရှည်တမံရေပိုလွှဲမှ ၁ ပေအမြင့် ရေကျော်ကျမှု ရှိခဲ့ကြောင်း၊ နောက်ရက်များတွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ရေကျော်ကျမှု တဖြည်းဖြည်းပြန်လည် လျော့နည်းလာခဲ့ရာ ယနေ့မှာတော့ မန်းချောင်းတမံရေပိုလွှဲမှ ၀.၅ ပေနှင့် ရင်းရှည်ရေပိုလွှဲမှ ၀.၂ ပေခန့်သာ ရေကျော်ကျမှုရှိကြောင်း၊ မန်းတမံဝန်ထမ်းများမှ တမံများအတွင်း ရေဝင်ရောက်မှုအခြေအနေကို အမြဲမပြတ်စောင့်ကြည့်လျက်ရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေအား မန်းတမံအောက်ဘက်ရှိ ကျေးရွာများမှပြည်သူများ ကြိုတင်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မယု(ငဖဲ)