မုံရွာ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပသော တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနများသို့ အားကစား အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ နိုင်ငံတော်အနေနှင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အားကစားလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကို ၂၀၂၁-ခုနှစ်၊ သြဂုတ် လ(၁)ရက်နေ့မှာ စတင်ဖွဲ့စည်းပေးခဲ့ပြီး အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်တွေ ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးမြင့်တင်ရေးအတွက် အားကစားဟာ လွန်စွာအရေးပါ ကြောင်း၊ နိုင်ငံတော်မှ အားကစားကိုမြင့်တင်နေသကဲ့သို့ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း အားကစားကဏ္ဍဖွံ့ဖြိုးလာစေရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားပြုလုပ်သူများဟာ ခန္ဓာကိုယ်နှင့်စိတ်ဓာတ် ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကို ပိုင်ဆိုင်ကြပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကိုယ်စားပြုအားကစားသမားများ အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်အသီးသီးနှင့် တံခွန်စိုက်ဆုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ယခု အားကစားပစ္စည်း ထောက်ပံ့ပေးမှုသည်လည်း အားကစားပွဲများ အောင်နိုင်ရေးကို များစွာအထောက် အကူပြုမည်လို့ ယုံကြည်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနများကိုယ်စား ခရိုင်/မြို့နယ် အားကစားမှူးများထံ အားကစား ပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ဘောလုံးအသင်းနှင့် ပြေးခုန်ပစ်အသင်းတို့အား အားကစားဝတ်စုံများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလ်ိူင် က စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီသို့ အားကစားဝတ်စုံများအား လည်းကောင်း အသီးသီးပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အားကစားနည်း အလိုက်ပြသထားသော အားကစား ပစ္စည်းများအား လိုက်လံကြည့်ရှု့အားပေးကာ အခမ်းအနားသို့ တက်ရောက်လာကြသော အားကစားမှူးနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးနုတ်ဆက် အားပေးခဲ့ကြပြီး မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း LED စကိုးဘုတ်ပြုပြင်နေမှုနှင့် တောင်ဘက်ပွဲကြည့်စင် ပြန် လည်တည်ဆောက်မည့် နေရာတို့အား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘိုးဘွားရိပ်သာတွင်ကျင်းပသော ၂၀၂၁-ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ သက်ကြီးရွယ်အိုများရဲ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်တတ်သော အလေ့အကျင့်များနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အပြည့်အ၀ပါဝင်ဆောင်ရွက်နိုင်ကြစေဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများကို တိုးမြှင့်စောင့် ရှောက်နိုင်ရေးဟာ အထူးလိုအပ်လာပါကြောင်း၊ မြန်မာတို့ရဲ့မြတ်နိုးဖွယ်ရာ ဓလေ့ဖြစ်တဲ့သက်ကြီးရွယ်အို ဘိုးဘွားမိဘများအပေါ် ချစ်ခင်မြတ်နိုးစွာနဲ့ ယုယပြုစုစောင့်ရှောက် ပေးကြရန်လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တန့်ဆည်မြို့နယ်၊ ပေကုန်းကျေးရွာမှ အသက်(၁၁၄)နှစ်၊ အဘိုး ဦးဘရွှင်နှင့် ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်မှ အဘွားဒေါ်အုန်း (၁၁၉)နှစ် တို့အတွက် တာဝန်ရှိသူများထံ အလှူငွေများပေးအပ်ကာ မုံရွာဘိုးဘွားရိပ်သာ အုပ်ချုပ်ရေးမှူးထံ မုံရွာ ဘိုးဘွားရိပ်သာအတွက် ပဒေသာပင်ငွေနှင့် တစ်နေ့တာအဟာရငွေများ အားပေးအပ်လှူဒါန်းသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘိုးဘွားရိပ်သာ - ၆ ခုတို့မှ တာဝန်ရှိသူများထံ ပဒေသာပင်ငွေများနှင့် တစ်နေ့တာအဟာရငွေများ အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွား - ၇၄ ဦးတို့အား အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး အဘွား ဒေါ်ခင်နုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ၂၀၂၁-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်များနေ့ အခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ - ၆ ခုအတွက် ငွေပဒေသာပင်နှင့် တစ်နေ့တာအဟာရငွေ စုစုပေါင်း ငွေကျပ် - ၇၀,၄၂၀၀ဝိ/ (သိန်းခုနှစ်ဆယ့် လေးသောင်းနှစ်ထောင်တိတိ)အား ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)