ခန္တီး အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ စက်တင်ဘာလ (၃၀) ရက်၊ နံနက် (၁၀)နာရီအချိန်က ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံး စစ်ကိုင်းတိုင်းဒေသကြီး အဖွဲ့ကိုယ်စား ဒေသခံတောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအားဖြင့် သွင်းအားစုနည်းပညာနှင့် ဈေးကွက်အပေါ်များစွာ မူတည်နေကြောင်း၊ အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး၌ တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့နိုင်ရေး စဉ်းစား ဆောင်ရွက်ရန်နှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းနှင့် စပါးအထွက်နှုန်းကောင်းအောင် အားပေးကူညီပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ခရိုင်အလိုက် ဒေသခံတောင်သူများအား သွင်းအားစုထောက်ပံ့ ပေးအပ် ပွဲများကို ဆောင်ရွက်နေကြကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဒေသခံတောင်သူများအား သွင်းအားစုထောက်ပံ့ ပေးအပ်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က ရှင်းလင်း ပြောကြားပြီး အကျိုး ဆောင်တောင်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က မျိုးစေ့များ ကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်) ဒုတိယ ဗိုလ်မှူးကြီး မျိုးဇော်မောင်က မျိုးစေ့များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်) ဦးဉာဏ်လွင်က အကျိုးဆောင်တောင်သူဦးထုပ်များကို လည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ရွက်ဖျန်း မြေဩဇာထုပ်များနှင့် မျိုးစေ့များကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ခန္တီးမြို့နယ်ဦးစီးမှူးရုံးမှ အကျိုးဆောင်တောင်သူများအား သွင်းအားစုများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့် အဖွဲ့ဝင်များ၊ ခန္တီးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သွင်းအားစုများကို အရင်က ပေးအပ်ခြင်းမရှိခဲ့၍ သုံးစွဲခဲ့ဖူးခြင်းမရှိခဲ့ကြောင်း၊ ခန္တီးမြို့နယ်တွင် နေကြာမျိုး စေ့များစိုက်ပျိုးခြင်းမရှိခဲ့၍ ယခုနှစ်တွင် စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုလို တောင်သူတွေကို ထောက်ပံ့ ပေးအပ်ခြင်းအားဖြင့် များစွာအထောက်အကူပြုကြောင်း ထို့အတွက် အထူးပင်ဝမ်းသာကြောင်း ဒေသခံတောင်သူ ဦးသန်းညွန့်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)