ခင်ဦး အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်) ထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅) နှစ်အထက် ပုဂ္ဂိုလ်များနှင့် ပြည်သူများကို စက်တင်ဘာလကုန်တွင် လူဦးရေ (၃၀၀၀) ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာ ထိုးနှံပြီးကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄) နှစ်အထိ (၃၄၆) ဦး၊ အသက် (၆၅) နှစ်နှင့်အထက် (၁၂၈) ဦး၊ အစိုးရ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၉) ဦး၊ သံဃာတော်၊ သီလရှင်နှင့်ဘာသာရေးအဖွဲ့ (၄၀) ဦး၊ နိုင်ငံ့ဝန်ထမ်း (၅၆) ဦး၊ ပုဂ္ဂလိကဝန်ထမ်း (၁) ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း (၃) ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ (၉) ဦး၊ ဈေးရောင်းသူ (၂၄၀၈) ဦး၊ စုစုပေါင်း (၃၀၀၀) ဦးကို အောင်မြင်စွာ ထိုးနှံပေးပြီး ဖြစ်ကြောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၄၄၉၀) ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံက သိရသည်။
စိုးဝေအောင်