နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်- ၁၇၂/၂၀၂၁ အရ ကသာအကျဉ်းထောင်၌ အချုပ်သား/သူပေါင်း (၅၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

 

ကသာ အောက်တိုဘာ ၂

 

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာအကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်- ၁၇၂/၂၀၂၁ အရ အချုပ်သား/သူများ၏ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းအခမ်းအနားကို အောက်တိုဘာလ(၁)ရက်နေ့၊ ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အချုပ်သား/သူပေါင်း(၅၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် ကသာအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်၊ ကသာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဖေ၊ ကသာအကျဉ်းထောင်ဒုတိယတာဝန်ခံအရာရှိ ဦးသက်မျိုးခိုင်နှင့် အင်းရွာနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်နေလင်းထွန်း တို့က အချုပ်သား/သူများနှင့် တွေ့ဆုံပြီး အမှာစကားများ အသီးသီးပြောကြားခဲ့ကြကြောင်း၊ ထို့နောက် ကသာအကျဉ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်- ၁၇၂/၂၀၂၁ အရ အချုပ်သား/သူများ၏ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းခံရသည့် အကျဉ်းသား/သူများအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ရာ အကျဉ်းသား(၅၁)ဦးနှင့် အကျဉ်းသူ(၁)ဦး၊ စုစုပေါင်း(၅၂)ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ကသာအကျဉ်းထောင်တာဝန်ခံအရာရှိထံမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)