ပွင့်ဖြူ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို ယမန်နေ့ နံနက် ၉ နာရီက ဆေးထိုးစုရပ်(၄)နေရာတွင် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူစုလူဝေး မဖြစ်စေရေးအတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ယနေ့ ဆေးထိုးစုရပ် (၄)နေရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၂၃၅ ဦး ရှိကြောင်း သိရသည်။ ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက်ကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသူများအား သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ကာကွယ်ဆေး လာရောက် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့နယ်မြေအလိုက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ (၁၆)ရက်နေ့မှ ယနေ့အောက်တိုဘာ(၁)ရက်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း ၉၄၂၀ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )