ကော့သောင်း၊ အောက်တိုဘာ ၂
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်၁၉ရောဂါထိန်းချုပ်မှုလုပ်ငန်း စည်းကမ်း ချက်များ နှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
လက်ရှိကူးစက်ဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များ နှင့်အညီ ကော့သောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များက အသက်(၁၀)ပြည့်ပြီးမိသားစုဝင်များနှင့်အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသား ကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန်ကျန်ရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများအား ဆောင်ရွက်ပေးလျှက်ရှိရာ စက်တင်ဘာလ(၃၀)ရက်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ယုဇနဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီလီမီတက်၊စိုက်ပျိုးရေးဇုန်ဖြစ်သည့်မိုင်(၈၀)ပင်လုံဆီအုန်းစိုက်ကွက် ဝန်ထမ်းများ၊ စိုက်ပျိုးရေး လုပ်သားများ၊ မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
နိုင်ငံတစ်ဝှမ်း အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ကော့သောင်းမြို့နယ်အနေဖြင့် ရပ်ကွက်ကျေးရွာများအပါအဝင် စက်ရုံ၊ အလုပ်ရုံများ ၊ဝေးလံခေါင်ဖျားစိုက်ပျိုးရေးလုပ်ငန်းခွင်များအထိ ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ သိရသည်။
ကျော်စိုး (ကော့သောင်း)