ရန်ကုန် မတ် ၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)ရုံး သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က “သင်တန်းတစ်ခုဖွင့်လှစ်ခြင်းသည် သင်တန်းသားများ၏ လုပ်ငန်းကျွမ်းကျင်မှုမြင့်မားစေရေးအတွက် သာမက သင်တန်းသားများ၏ စိတ်နေစိတ်ထားများ၊ လုပ်ငန်းခွင်၌ တွေ့ကြုံရသည့် အခက်အခဲများကို သင်တန်းတွင် သင်ကြားခဲ့ရသော သင်ခန်းစာများမှ အတွေ့အကြုံများ၊ အကြံဉာဏ်များ ရရှိမည်ဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်သည့်အချိန်တွင် သင်ခန်းစာများအပေါ် နားလည်တတ်ကျွမ်းသဘောပေါက်မည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ မိမိတို့ တာဝန်ကျရာ နေရာအသီးသီးသို့ ရောက်ရှိပါက အဆိုပါသင်ခန်းစာများကို ပြန်လည် အသုံးချကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းမတက်ရသေးသည့် ဝန်ထမ်းများအား ပြန်လည်မျှဝေကြရမည်ဖြစ်ကြောင်း” သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းထူးချွန်ဆုများ ရရှိကြသော သင်တန်းသား၊ သင်တန်းသူများကို ဆုများ ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းခေါင်းဆောင်အား ပေးအပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် ဦးစီးဌာန၏ လုပ်ငန်းများကို စွမ်းဆောင်ရည်မြင့်မားစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ကျွမ်းကျင်သည့်ဝန်ထမ်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး သင်တန်းကျောင်း၌ (၁၀-၂-၂၀၂၀)ရက်နေ့မှ (၆-၃-၂၀၂၀)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် စွမ်းရည်မြှင့်သင်တန်း(၂/၂၀၂၀)သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်ဦးစီးမှူး၊ စာကြည့်တိုက်လက်ထောက်-၃အဆင့်ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)