ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ

ပွင့်ဖြူ  အောက်တိုဘာ ၁

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများ ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့  ဆောင်ရွက်ပေးရာတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါသည်။

ဒေါ်သိမ့်သိမ့်နိုင်

 

ကျွန်မကတော့ ဒေါ်သိမ့်သိမ့်နိုင် ဖြစ်ပါတယ်။ အသက်က ၃၈ နှစ်ပါ ၊ ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှာ နေထိုင် ပါတယ်ရှင့် ။ ကိုဗစ် - ၁၉ ရောဂါကို ဘယ်လိုကူးစက်ခံရတာလဲဆိုတော့ ကျွန်မက ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်တော့ အပြင်ကို ထွက်တာလဲ မရှိပါဘူး ။ ကိုယ့်အိမ်ကိုမှာပဲ နေထိုင်ရင်းနဲ့ တစ်ရက်မှာ ကိုယ် ၊ လက်တွေ ကိုက်ခဲလာလို့ဆိုပြီး အပြင်ဆေးခန်းကို သွားပြတဲ့အခါမှာ ဆေးခန်းက ဆရာဝန်ကလည်း ကျွန်မကို ဆေးထိုးပေးလို့ အဆင်ပြေဘူး ၊ ဗိုက်ထဲက ကလေးအတွက် စိုးရိမ်ရလို့ဆိုပြီး စားဆေးပဲ ပေးလိုက်ပါတယ်။ ဒီစားဆေး သောက်လို့ သက်သာရင် မလာနဲ့ပေါ့ ၊ မသက်ရင်တော့ ဆေးခန်းကို ပြန်လာပြပါဆိုပြီး ကျွန်မကို ပြောလိုက်ပါတယ်။ အဲဒါနဲ့ ကျွန်မလည်း ဆရာဝန်ပေးလိုက်တဲ့ စားဆေးကို ဂရုတစ်စိုက်နဲ့ သောက်လိုက်တော့ သက်သာသွားပါတယ်။ ကျွန်မလည်း သက်သာသွားပြီဆိုပြီး နေ့လယ်ပိုင်း ထမင်းစားချိန်ကျ အိမ်မှာ ချည်ပေါင်ရွက်နဲ့ ငရုတ်သိမ်းစိမ်းဟင်းလေးကို စားလိုက်တာပေါ့ ၊ ထမင်းစားပြီး ညလဲ ရောက်တော့ ဗိုက်မစာတော့တာနဲ့ ထမင်းမစားပဲ ဆရာဝန်ပေးလိုက်တဲ့ စားဆေးတွေကိုသောက်ပြီး အိပ်လိုက်တာပေါ့ ။  နောက်တော့ ဗိုက်တွေက အရမ်းနာလာပြီး အိပ်လို့မရဘူးပေါ့ ။ အနံ့ကလည်း မရတော့ဘူး။ အဲဒါနဲ့ မြို့နယ်ဆေးရုံကို ချက်ချင်းသွားပြတယ်။ ဆေးရုံကို ရောက်တော့ ကျန်းမာရေးဝန်ထမ်းတွေက အရင်ဦးဆုံး ကိုဗစ် - ၁၉ ရောဂါ ရှိ/ မရှိ ဆေးစစ်လိုက်တော့ ကျွန်မမှာ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ ကိုဗစ်ပိုးတွေ့တဲ့အတွက် မြို့နယ်က စီစဉ် ပေးထားတဲ့ ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ဂျပန်ဆောင် Quarantine Centre ကို သွားနေရပါတယ်။ Quarantine Centre မှာ နေတဲ့အချိန်မှာလည်း တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေက တစ်နေ့ကို(၃)ကြိမ် ကိုယ်အပူချိန် တိုင်းတယ်၊ အောက်ဆီဂျင် တိုင်းပေးတယ်။ သွေးပေါင်ချိန်လည်း တိုင်းပေးတယ်။  စားဆေးတွေလဲ ပေးတာပေါ့။ ဒါပေမယ့် ကျွန်မက ကိုယ်ဝန်ရှိနေတော့ စားဆေးတွေကို မစားရဲလို့ ကျွန်မရဲ့ညီမဖြစ်တဲ့ မကွေးမြို့သင်ကြားရေးဆေးရုံက ဆရာဝန်မကို တိုင်ပင်ပြီး သောက်ဆေးတွေကို ဝယ်ပို့ခိုင်းတာပေါ့ ။ ညီမလေး ဝယ်ပို့လိုက်တဲ့ သောက်ဆေးတွေကို ပုံမှန် သောက်လိုက်တယ်။ အဲဒါနဲ့ Quarantine Centre မှာ (၄)ညအိပ် (၅)ရက်မြောက်နေ့ကျ အနံ့ပြန်ရလာပြီး သက်သာ လာပါတယ်။ သတ်မှတ်ရက်(၁၀)ရက်လဲပြည့်ရော Quarantine Centre ကနေ ဆင်းခွင့်ရရှိခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ လည်း အိမ်ကမိသားစုတွေကို ကိုဗစ်ပိုး မကူးစက်အောင်ဆိုပြီး သီးခြား Home  Quarantine (၈)ရက်တိတိ နေထိုင်ခဲ့ပါ တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်မ ကိုဗစ် - ၁၉ ရောဂါကို သိသိသာသာ သက်သာသွားခဲ့ပါတယ်။ တကယ်တမ်းတော့ ကိုဗစ် - ၁၉ ရောဂါဟာ ကြောက်နေစရာလဲ မလိုပါဘူး ။ ရောဂါကူးစက်ခံရပြီဆိုရင်လည်း ကိုယ့်ကိုယ်ကို ကိုယ်ခံအား ကောင်းအောင် နေထိုင်ပါ ၊ အစားကိုလည်း ဝင်အောင် စားပါ ။ စိတ်ဓာတ်မကျပါနဲ့ ဆရာဝန်တွေပေးတဲ့ဆေးကိုလည်း ပုံမှန် သောက်သွားမယ်ဆိုရင် ပြန်လည်ပြီး ကျန်းမာရေးကောင်းမွန်ပါတယ်။ ကိုဗစ်ရောဂါကာကွယ်ဆေးကိုလည်း သတ်မှတ် အကြိမ်ရေ ပြည့်မီအောင် မပျက်မကွက် သွားရောက်ထိုးနှံကြပါလို့ အကြံပြုပြောချင်ပါတယ်ရှင့် ။ ကျွန်မကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင်မိခင်ဖြစ်တော့ လတ်တလောမှာ ကာကွယ်ဆေးထိုးလို့မရသေးပေမယ့် ကာကွယ်ဆေးထိုးလို့ရတဲ့အချိန်မှာ ကာကွယ်ဆေးကို မပျက်မကွက် သွားရောက်ထိုးနှံသွားမှာ ဖြစ်ပါတယ်ရှင့် ။

ဒေါ်ချောစုခိုင်

 

ကျွန်မက ဒေါ်ချောစုခိုင် ပါ ၊ အသက်က (၃၆)နှစ်ပါ ။ ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှာ နေထိုင်ပါတယ်ရှင့် ။ ကိုဗစ် - ၁၉ ရောဂါကို ဘယ်လိုကူးစက်ခံခဲ့ရတာလဲဆိုရင် ကျွန်မက ကိုဗစ် - ၁၉ ရောဂါမဖြစ်အောင် တတ်နိုင်သမျှ အိမ်မှာပဲ နေထိုင်ပါတယ်။ အပြင်ကိုလည်း သိပ်မထွက်ဖြစ်ဘူး ။ အိမ်ကညီမတွေကတော့ အပြင်ထွက်တာတွေ ရှိတာပေါ့ ။ အိမ်မှာနေရင်နဲ့ပဲ တစ်ရက်ကျတော့ ဖျားလာတယ်။ ဖျားနေလို့ဆိုပြီး ကိုယ့်ကိုယ်ကို သံသယဖြစ်လို့ သွားစစ်လိုက်တဲ့ အချိန်မှာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာပါ။ ကိုဗစ်ပိုးတွေ့တော့ ပွင့်ဖြူမြို့ ၊ အရှေ့ပိုင်းရပ်ကွက်မှာ စီစဉ်ထားတဲ့ မိုးကုတ်ရိပ်သာ Quarantine Centre ကို (၁၀)ရက်နေခဲ့ရပါတယ်။ တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း နေ့တိုင်းလာပြီးတော့ တစ်နေ့ကို(၃)ကြိမ် စားဆေးတွေ ပေးတယ်။ ကိုယ်အပူချိန်တိုင်းတယ်၊ အောက်ဆီဂျင် တိုင်းပေး တယ် ။ သွေးပေါင်ချိန်လည်း တိုင်းပေးပါတယ်။ ကျွန်မက အဲဒီမှာနေရင်း ချောင်းလည်း တစ်အားဆိုးတော့ စားဆေးပေးတဲ့ အခါမှာ ချောင်းဆိုးပျောက်ဆေးကိုလည်း ထည့်ပေးတာပေါ့ ။ တစ်ခြားတော့ ကိုဗစ်ရောဂါကြောင့် ပြင်းပြင်းထန်ထန် ဝေဒနာကို မခံစားခဲ့ရပါဘူး ။ သတ်မှတ်ရက်ပြည့်တဲ့အချိန်မှာ ကျွန်မ Quarantine Centre ကနေ ဆင်းခွင့်ရခဲ့ပါတယ်။ Quarantine Centre ကနေ အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ သီးသန့်ခွဲပြီး Home  Quarantine (၇)ရက် ဆက်လက် နေထိုင်ခဲ့ပြီးတော့ ကိုယ့်ကိုယ်ကို အားရှိအောင် ကြက်စွပ်ပြုတ်တို့ ၊ အသီးအနှံတို့ အားရှိတဲ့ အစားအစာတွေကို စားတယ် ။ အိပ်ရေဝဝ အိပ်တယ်။ အဲဒီလိုနဲ့ ကျွန်မ ကိုဗစ် - ၁၉ ရောဂါကို ပြန်လည်ကျန်းမာသွားပါတယ်။ ကျွန်မအနေနဲ့ အကြံပြု ပြောချင်တာကတော့ ကိုဗစ် - ၁၉ ရောဂါဟာ ကြောက်စရာလဲ မလိုပါဘူး ။ ကိုယ့်ကိုယ်ကို ကိုယ်ခံအား ကောင်းအောင် နေထိုင်မယ်။ အိပ်ရေးဝဝလည်း အိပ်မယ်။ အာဟာရရှိတဲ့ အစားအသောက်တွေကို ပုံမှန်မှီဝဲစားသုံးမယ် ၊ နောက်ပြီး ရောဂါ မကူးစက်ခံရအောင် တတ်နိုင်သမျှ အိမ်မှာပဲ နေထိုင်ကြပါ။ မဖြစ်မနေ အပြင်သွားမယ်ဆိုရင်လည်း ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပြီးမှာ သွားကြပါ။ လူစုလူဝေးတွေ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပါ ။ ကိုဗစ် - ၁၉ ရောဂါဟာ ကာကွယ်ဆေးထိုးထားမယ်ဆိုရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာမဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးခွင့်ရရင် မပျက်မကွက် သွားရောက်ထိုးနှံကြပါလို့ အကြံပြုတိုက်တွန်းပြောကြားလိုပါတယ်ရှင့် ။   

ရဲဝင်းနိုင် ( ညောင်ဦး )