မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာဦးစီးဌာနမှ  အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးသွားမည်

 

မကွေး           အောက်တိုဘာ          ၁

မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/သူ များကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား/သူများ ပညာသင်ယူခွင့် အခွင့်အလမ်း များ ရရှိလာစေရန် ရည်ရွယ်၍ မကွေးတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အလယ် တန်း၊ အထက်တန်း ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ရာ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းရှိန်က အဖွင့်အမှာစကားပြောကြားရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အရ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့်အခြေခံပညာ အလယ်တန်း၊ အထက်တန်းတွင် ပညာသင်ယူနေသော ကျောင်းသား/သူများသည်လည်း ဦးစာပေး အုပ်စုတွင် ပါဝင်ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က တိုင်းဒေသကြီးအတွင်း စာသင်ကျောင်းများရှိ ကျောင်းသား/သူများ စာရင်းများ ပြုစုဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/သူများ ထိုးနှံပေးခြင်း ဖြစ်သည့်အတွက် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် လူနာတင်ယာဉ်အား ဆေးထိုးအဖွဲ့တွင် မဖြစ်မနေပါဝင်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာမွန်မွန်မြင့်က ကျောင်းသား/သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပေးမည့် Sinovac ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့်ရက်မှစတင်၍ (၂၁) ရက်မှ (၂၈) ရက်အတွင်း  ဒုတိယအကြိမ်ထိုးနှံပေးရမည် ဖြစ်ပါကြောင်းနှင့် ဆေးထိုးနှံခြင်းတွင် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အရေးပေါ်လိုအပ်သည့် ဆေးဝါးများ စီစဉ်ဆောင်ရွက်ထားရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယတိုင်း ဒေသကြီးဦးစီးမှူး ဦးညီညီဇော်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်မပြုလုပ်ရသေးသည့် ကျောင်းသား/သူများ အား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသူများသော ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာ/မ များက အသီးသီးဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုအောင်