တနင်္သာရီ အောက်တိုဘာ ၁
၂၀၂၁ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်သည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်မှ ဦးစီးသော တပ်ဖွဲ့ဝင်/မိသားစုဝင်များသည် ယနေ့နံနက် ၅ နာရီက မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မြို့ဦးပရိယတ္တိစာသင်တိုက်ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တဇောတိကနှင့် သံဃာတော်(၂၈)ပါးတို့အား အာရုဏ်ဆွမ်းဆက်ကပ်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
ဆက်လက်၍ ယနေ့ ၉ နာရီခွဲမှစ၍ မြို့မရဲစခန်းရှိတန်းစီကွင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးနေဝင်းက ရဲတပ်ဖွဲဝင်များနှင့်ဝန်ထမ်းမိသားစုဝင်များအား တပ်ဖွဲ့လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လုံခြုံရေးအသိ/သတိရှိစေရေး၊ စည်းလုံး ညီညွတ်စွာဖြင့် အခက်အခဲများကျော်လွှားကာ စိတ်ခံစားချက်များဖြေလျှော့ပြီး တပ်ဖွဲ့မှပေးအပ်သော တာဝန်ဝတ္တရားများကိုကျေပွန်အောင်မြင်စွာ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်းမိသားစုဝင်(၇၃)ဦးအား ဗလာမပါ ကံစမ်းမဲအစီစဉ်ဖြင့် တစ်ကိုယ်ရေသုံးပစ္စည်းနှင့် ငွေသားကံစမ်းမဲ စုစုပေါင်းတန်ဖိုး (၃၅၀,၀၀၀)ကျပ်ဖိုးအား ပျော်ပျော်ပါးပါး မဲဖောက်ပေးခဲ့ပြီး (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ရဲတပ်ဖွဲ့တံဆိပ်ပါ အမှတ်တရအင်္ကျီတစ်ထည်စီကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ကြောင်း မြို့မရဲစခန်းမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)