မြိတ် အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ပထမအပတ်၌ ရောဂါဖြစ်ပွားမှုများပြား ခဲ့၍ သေဆုံးမှုများလည်းရှိခဲ့ရာ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ခဲ့ပြီး ကုသရေးစင်တာများဖြင့် ကိုဗစ်ပိုးတွေ့လူနာများကို ဆေးကုသမှုပေးခဲ့သဖြင့် လက်ရှိအချိန်တွင် ရောဂါပိုးကူးစက်မှု လျော့နည်း လာခဲ့ပြီဖြစ်သည်။
မြိတ်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာများကို ဆေးကုသမှုပေးသည့် ကိုဗစ် စင်တာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သံဃာ့ဆေးရုံ ကိုဗစ်စင်တာတွင် ကိုဗစ်ပိုးတွေ့လူနာများအား စေတနာ့ ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက် ပေးခဲ့သည့် မြိတ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦး၏ တာဝန်ထမ်းဆောင် ဖြတ်သန်းခဲ့ရချိန် ရင်တွင်းစကားသံများကို မေးမြန်းတင်ဆက်လိုက်ပါသည်။
မောင်အုပ်စိုးပြည့် ( တပ်စိတ်မှူး - မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြိတ်မြို့ ) ကျွန်တော် နာမည်က အုပ်စိုးပြည့် ဖြစ်ပါတယ်။ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်စိတ်မှူး တာဝန် ထမ်းဆောင်နေပါတယ်။ ကိုဗစ်စင်တာမှာ ကိုဗစ်ဖြစ်ထားတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ အားပေး ကူညီမှု ပေးချင်တယ်။ သူတို့က မိသားစုနဲ့ခွဲပြီးနေရသူတွေဖြစ်တော့ မိသားစုဝင်ပုံစံမျိုးနဲ့ပြုစုပြီး ကျန်းမာရေးကောင်းမွန်စွာနဲ့ ပြန်ဆင်းနိုင်အောင် ကူညီဆောင်ရွက်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ စေတနာ့ဝန်ထမ်းအဖြစ်ကူညီ ဆောင်ရွက်ပေး တာ ဖြစ်ပါတယ်။
အတွင်းစည်းဝင်တဲ့အချိန်မှာ ကိုဗစ်လူနာတွေကို အားပေးစကားပြောပြီး အကောင်းဆုံး ကူညီ ဆောင်ရွက် ပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ မိသားစုဝင်အဖြစ်နဲ့ပြုစုခဲ့ပါတယ်။ ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးအနေနဲ့ သွားရောက်ကူညီ ခဲ့ရချိန်မှာ လူနာတွေအားတက်ရတယ် သိရတဲ့အတွက် ဝမ်းသာ ပီတိဖြစ်ရပါတယ်။ ကျွန်တော်က ရန်ကုန်ဆေးရုံ ကိုဗစ်စင်တာမှာလည်း ကိုဗစ်ဒုတိယလှိုင်းတုန်းက သွားရောက်ပြီး ကူညီခဲ့ပါတယ်။ နေရပ်နဲ့ဝေးပြီး ကိုဗစ်လူနာ တွေကို ပြုစုခဲ့တုန်းကလည်း စိတ်လှုပ်ရှားပြီး ပီတိတွေဖြစ်ခဲ့ပါတယ်။ ကိုဗစ် ရောဂါမှမဟုတ်ဘဲ သဘာဝဘေးနဲ့ တခြားဘေး အန္တရာယ်များမှာပါ ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးအနေနဲ့ ဆက်လက်ပြီး တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
မဖူးပွင့်ခိုင် ( တပ်ကြပ်ကြီး - မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြိတ်မြို့)ကျွန်မ နာမည်က ဖူးပွင့်ခိုင် ဖြစ်ပါတယ်။ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ကြပ်ကြီး တာဝန် ထမ်းဆောင် နေပါတယ်။ ကိုဗစ်ပိုးတွေ့ခဲ့တဲ့ သူတွေနေရာမှာ ကိုယ့်မိသားစု၊ ဆွေမျိုးတွေလို စာနာပြီး သူတို့ခံစားရတဲ့ ဝေဒနာတွေကို သက်သာလာအောင် မိသားစုနဲ့ခွဲပြီး ရောက်လာတဲ့သူတွေဖြစ်လို့ စိတ်ပိုင်းဆိုင်ရာအားငယ်မှုတွေ မဖြစ်အောင် ရည်ရွယ်ချက်နဲ့ စေတနာ့ဝန်ထမ်းအဖြစ် ကူညီ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ကိုဗစ်စင်တာမှာ ကိုဗစ်လူနာတွေကို နေ့စဉ် မနက်စာ၊ နေလယ်စာ၊ ညနေစာများ ယူဆောင်ပို့ပေး ပါတယ်။ ကျွန်မက သူနာပြုသင်တန်းကျောင်း သူတစ်ဦးဖြစ်တဲ့အတွက် တချို့လူနာတွေကို ထိုးဆေးတွေညွှန်း ထားတာရှိတဲ့အတွက် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း အချိန်မီ ထိုးနှံပေးပါတယ်။ လူနာတွေ ခံစားနေရတဲ့ဝေဒနာ တွေကိုလည်း ဆရာဝန်နဲ့ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေး ပါတယ်။ စင်တာမှာ ဝေဒနာရှင်တွေ စိတ်ပျော်ရွင်မှု ရစေရန် ညနေပိုင်းမှာ သီချင်းတွေဖွင့်ပေးပြီး လေ့ကျင့်ခန်းတွေ ဆောင်ရွက်စေပါတယ်။ ညပိုင်းမှာ ပရိတ်/တရား တွေဖွင့်ပေးပါတယ်။
ကိုယ်ပြုစု စောင့်ရှောက်နေတဲ့သူတွေ ကျန်းမာရေးကောင်းမွန်ပြီး သက်သာပျော်ရွင်နေတာ တွေ့ရတော့ ဝမ်းသာပီတိဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ လေ့ကျင့်ခန်း လိုက်မလုပ်တဲ့သူ တစ်ချို့တော့ရှိခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ကိုဗစ်စင်တာ၌ ဒုတိယအကြိမ် ကူညီဆောင်ရွက်ပေးနေပါတယ်။ ကိုဗစ်ရောဂါ ရှိနေသ၍ ပညာ ပေး လုပ်ငန်းနဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)က ဖွင့်လှစ်ထားတဲ့ Fever Clinc မှာ ကြက်ခြေနီတပ်ဖွဲ့မှ တာဝန် ယူထားတဲ့ လုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်သွား ပါ့မယ်။ ကိုဗစ် ရောဂါအပြင် သဘာဝဘေးတွေမှာလည်း ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ကို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ခိုင်ထူး ( မြိတ် )