EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေး အသုံးပြုနည်းနှင့် မိုးစပါး မျိုးကွဲပယ်ခြင်း လုပ်ငန်းများ လက်တွေ့သရုပ်ပြသဆောင်ရွက်

အင်းတော် အောက်တိုဘာ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်နည်းသုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေး အသုံးပြုနည်းနှင့် မိုးစပါး မျိုးကွဲပယ်ခြင်း လုပ်ငန်းများ လက်တွေ့ကွင်းဆင်း သရုပ်ပြသခြင်းကို ယမန်နေ့က အင်းတော်မြို့နယ် အလယ်ဆိပ် ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် စုပေါင်း၍ တောင်သူ ဦးဝင်းမောင်၏ ဆင်းဧကရီ (၃) Fs-Rs မျိုးစေ့ထုတ်စိုက်ကွက်အတွင်း လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယင်း သဘာဝမြေဩဇာ EM ဘိုကာရှီအား ဒေသခံတောင်သူများအနေဖြင့် မိမိတို့စိုက်ခင်း များတွင် အသုံးပြုနိုင်ရေးအတွက် ဌာနအနေဖြင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ဒေသခံ တောင်သူ များအနေဖြင့် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းအားဖြင့် ထွက်ရှိလာ သော သီးနှံများသည် အရည်အသွေးကောင်းမွန်ခြင်း၊ ကျန်းမာရေးအတွက် ကိုက်ညီ၍ ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန် သီးနှံများထွက်ရှိလာခြင်း၊ ဈေးကွက်ဝင်သီးနှံများ ပိုမိုထွက်ရှိလာခြင်း၊ ထိုမှတဆင့် ပြည်ပပို့ကုန်အဖြစ် ဈေးကွက်ဝင်သီးနှံများကို ပိုမိုစိုက်ပျိုးလာနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများကို ရရှိလာမည် ဖြစ်ပါကြောင်း၊ ဈေးကွက်ဝင်သီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ်လာနိုင်ပါက ဒေသခံတောင်သူများ အနေဖြင့် မိမိတို့၏ စီးပွားရေး၊ လူနေမှုဘဝများ တိုးတက်မြှင့်မားလာနိုင်မည် ဖြစ်သည့်အတွက် ယခုကဲ့သို့ လက်တွေ့သရုပ်ပြသ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

 

အဆိုပါ လက်တွေ့သရုပ်ပြသ ဆောင်ရွက်သည့်အခမ်းအနားသို့ ကသာခရိုင် စိုက်ပျိုးရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုး ၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးမင်းနောင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းလှအောင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာညွှန့်သောင်း၊ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်နှင့် မဲဇာကျေးရွာအုပ်စု မဲဇာကျေးရွာ နည်းပညာပြန့်ပွားရေး စင်တာမှ စိုက်ပညာရှင်ဝန်ထမ်းများ၊  ဒေသခံတောင်သူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ကျော်သီဟ(ပြန်/ဆက်)