စစ်ကိုင်း အောက်တိုဘာ ၁
စစ်ကိုင်းမြို့နယ်တွင် Super Bokashi အမြန်သုံး သဘာဝမြေဩဇာ၊ သဘာဝမြေဆွေး ပြုလုပ် သုံးစွဲနည်း လက်တွေ့ကွင်းသရုပ်ပြပွဲကို ယမန်နေ့၊ နေ့ပိုင်းက အုန်းတောနည်းပညာပြန့်ပွားရေးသင်တာ နယ်မြေအတွင်း ကုန်းရွာကျေးရွာကွင်းအမှတ်(၈၃၂/ ၁၇၂၈) တောင်သူဦးဇော်လင်း၏ စိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဦးက ဓာတု မြေဩဇာများသည် ကုန်ကျစရိတ်မြင့်မားလာသောကြောင့် ကုန်ကျစရိတ်သက်သာသည့် သဘာဝ မြေဩဇာများ ပြုလုပ်သုံးစွဲသင့်ကြောင်း သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် မြေဆီလွှာအနေအထားကို ကောင်းမွန်စေခြင်း၊ အထွက်နှုန်းနှင့် အစာအာဟာရများ တိုးတက်စေခြင်း၊ ရောဂါကျရောက်မှုဒဏ်ခံနိုင် ရည်ရှိခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဓာတုဓာတ်ကြွင်းနည်းသော သီးနှံများ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတိုးဝေ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မာမာအောင်နှင့် တာဝန်ရှိသူများ ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြ ကြောင်း သိရသည်။
ဇော်မြင့်နိုင်