အထက်မင်းလှ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် သည် မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ရွာတော်ကျေးရွာ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး နေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ကိုင်ဆောင်နိုင်ရေး အတွက်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် လူမှုရေးရာဝန်ကြီးက မင်းလှမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ပေးနေမှုအား ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများကိုအား ပေးစကားပြာကြားခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
မင်းလှမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် လူဦးရေအိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ရွာတော်ကျေးရွာမှ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်သူ ၂၀စု၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား ၃ ဦး၊ မ ၁ ဦး၊ အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ မ ၂ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ် ရေးကတ်လဲလှယ်သူ ကျား ၅ ဦး၊ မ ၇ ဦး၊ ပျောက်ဆုံးပျက်စီးခြင်းအတွက်ပြုလုပ်သူ ကျား ၄ ဦး၊ မ ၈ ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ထို့နောက် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်၊ မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းတို့သည် မင်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုံခြုံရေးနှင့် ဝန်ထမ်းများ၏လုံခြုံရေး ကျန်မာရေးတို့အား ဂရုပြုဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ ပြည်သူ့စာကြည့်တိုက်တွင်စာအုပ်၊ စာစောင်များငှားရမ်းပေးနေမှုအခြေအနေများ၊ ပြတိုက်ငယ် (Mini Museum)တွင်အထင်ကရနေရာများ၊ ဒေသထွက်ကုန်များခင်းကျင်းပြသထားရှိမှုများနှင့် ကလေးစာဖတ်ခန်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)