ကမမောင်း အောက်တိုဘာ ၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြည်သူ့ဆေးရုံ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါပြင်းထန်လက္ခဏာလူနာများကို မြို့ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဆုရဲထက်နှင့် ကျန်းမာရေးဝန်ထမ်းများက သီးသန့်သံဃာဆောင်နှင့်ဆေးရုံသီးခြားလူနာဆောင်တို့တွင် ထားရှိ၍ပြုစုကုသ ပေးလျက်ရှိသည်။
ထို့အပြင် Covid Center (အထက-ကမမောင်း) တွင် ကိုဗစ်-၁၉ သာမန်ရောဂါ လက္ခဏာ မပြင်းထန်သော လူနာများကို Volunteer ဆရာဝန် ဒေါက်တာသက်ဇော်ထွန်း ဦးဆောင်၍ ရပ်ကွက်များမှစေတနာ့ဝန်ထမ်းလူငယ်၊ လူရွယ်များ၊ မြို့ကြက်ခြေနီအဖွဲ့ခွဲမှ သူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့သူ၊ မြို့သားများက နွေးထွေးစွာပြုစုကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ကမမောင်းမြို့တွင် ဇူလိုင်လ ၄ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ လူဦးရေစုစုပေါင်း(၁၅၇၉) ဦးတို့ကို Covid-19 Ag RDT Test kit ဖြင့်ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးခဲ့ရာ ပိုးတွေ့လူနာ (၁၈၆) ဦးရှိခဲ့ပြီး ထိုသူတို့အနက် ဆေးရုံတွင်ပြုစုကုသမှုခံယူသူ(၉၁) ဦး၊ Covid Center (အထက-ကမမောင်း) တွင် ပြုစုကုသမှုခံယူသူ (၉၅) ဦး ရှိခဲ့သည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၈၆)တို့တွင် အောင်မြင်စွာ သက်သာပျောက်ကင်းသွားသူ (၁၅၃) ဦးရှိခဲ့ရာ ဆေးရုံဆင်းလူနာ (၆၇) ဦး၊ Center ဆင်း လူနာ (၈၆) ဦး၊ ဘားအံပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းညွှန်းပို့ပေးခဲ့ရသည့် လူနာ(၁) ဦးနှင့်သေဆုံးသူ (၁၁) ဦး ရှိခဲ့ကြောင်း မြို့ပြည်သူ့ဆေးရုံတာဝန်ခံ ဆရာဝန်ထံမှသိရှိရသည်။
ယခုအခါ ဆေးရုံတွင်ပြုစုကုသမှုခံယူနေရဆဲလူနာ (၁၅) ဦး၊ Covid Center (အထက-ကမမောင်း) တွင် ပြုစုကုသမှုခံယူနေဆဲလူနာ (၆) ဦးတို့ ကျန်ရှိနေသေးကြောင်း၊ ရောဂါဖြစ်ပွားမှုကွင်းဆက် ပြတ်တောက်လျော့ကျစေရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက် များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် လူတိုင်းအကြိမ်ပြည့် စနစ်တကျ ထိုးနှံမှုခံယူကြခြင်းတို့ဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း ကမမောင်းမြို့ ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာဆုရဲထက်က ပြောသည်။
လင်းသန့်(ပြန်/ဆက်)