သရက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး သရက်မြို့သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ (၈၄၆၅) ဦးအား ပထမအကြိမ် ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ရွှေသက်လွတ် ဘုရားဝန်း အတွင်းရှိသာသနာ့ဗိမာန်တော်၊ ကျေးရွာအုပ်စုများတွင် ယနေ့နံနက် ၉ နာရီက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်း၊ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင် ဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက် ရှိသည်။ သရက်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၉၀၀ လုံး ထပ်မံရရှိထားပြီး ဆေး တစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးနိုင်သည့်အတွက် လူဦးရေ ၉၅၀၀ ဦးကို ကာကွယ်ဆေးများထိုးနှံ ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၃၀ ရက်နေ့အထိ မြို့နယ်အတွင်းမှ လူဦးရေ (၈၄၆၅) ဦး အား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ထက်(သရက်)