ဒီပဲယင်း အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် ဖျက်အားပြင်း ပိုးပွားကင်းထောက်ယူခြင်း၊ ပိုးနမူနာ ကောက်ယူခြင်း နှင့် သဘာဝပိုးသတ်ဆေး ရွက်ဖျန်းမြေဩဇာ လက်တွေ့အသုံးချခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀နာရီအချိန်တွင် ရွာရှည်ကျေးရွာအုပ်စု ကွင်းအမှတ် ၂၀၃၉ခ တောင်သူ ဦးတင်ကျော် ၏ မိုးစပါး ရွှေဘိုပေါ်ဆန်း စိုက်ခင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနနမှဝန်ထမ်းများက ပိုးဖမ်းပိုက်များဖြင့် ပိုးပွားကင်းထောက် မှတ်တမ်းယူခြင်းကို လက်တွေ့ သရုပ်ပြ ဆောင်ရွက်ပြီး ရရှိလာသော ပိုးနမူနာများကို ဖျက်ပိုးနှင့် မိတ်ဆွေပိုး ခွဲခြားပြသခြင်း ပိုးသတ်ဆေး ဖျန်းသင့် မဖျန်းသင့် ဆုံးဖြတ်ချက် ချမှတ်နိုင်ရန်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ လက်ရှိအခြေအနေတွင် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများကြီးမြှင့်နေ၍ တောင်သူများအနေဖြင့် အစားထိုးသုံးစွဲနိုင်ရေး ရွက်ဖျန်းမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ပက်ဖျန်းခြင်းကို တောင်သူများအား လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ အကျိုးဆောင်တောင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှစိုက်ပျိုးကွင်းပညာပေးဝန်ထမ်းများ တက်ရောက်ခဲ့ပြီး မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်းမှ အကျိုးဆောင်တောင်သူ ၁၀ဦးအား ရွက်ဖျန်းမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
မြို့နယ်ပြန်/ဆက်