ခင်ဦး အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေလွှမ်းမှုဒဏ်ခံရသော မိုးစပါးစိုက်ဧကများအတွက် ပြန်လည်ပြုပြင်ရန် နည်းလမ်းများကို စက်တင်ဘာလ ၃၀ ရက်နေ့က Online မှတစ်ဆင့် ပညာပေးဆွေးနွေးခဲ့သည်။
ခင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှုမှာ စက်တင်ဘာလထိ မိုးရွာရက် (၅၃) ရက်ရှိပြီး မိုးရေချိန် ၃၅ ဒသမ ၂၄ လက်မ ရှိသည့်အတွက် ယခင်နှစ်ထက် ပျှမ်းမျှမိုးရေချိန် ပိုးများပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၄) အုပ်စု၊ မိုးစပါးစိုက်ဧကပေါင်း (၁၃၁၉၆) ဧက ရေလွှမ်းမှုဒဏ်ခံခဲ့ရသည်။
အဆိုပါ မိုးစပါးများ၏ သက်တမ်းမှာ တစ်လနီးပါးသာ ရှိသေးပြီး ပင်ပွားထွက်ချိန်မှာ ရေလွှမ်းခံရတာဖြစ်ကြောင်း၊ မိုးစပါးစိုက်ဧကများ ရေလွှမ်းကာလမှာ ၃ ရက်မှ ၅ ရက်ကျော် ရေလွှမ်း ခံခဲ့ရသည့်အတွက် ပြန်လည်ပြုပြင်ရန် နည်းလမ်းများဖြစ်သည့် စပါးပင်ပုံမှန် ပြန်လည်အလုပ်လုပ်နိုင်ရန် ဟော်မုန်းဆေး(ဥပမာ-Tozin၊ လစ်တောနစ်) တို့ကို အရင်ဖြန်း ပေးခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာကို ၁ : ၃ မှ ၁ : ၅ ထိရောစပ်ကြဲပက်ခြင်း၊ ဓာတ်မြေဩဇာ ဖြစ်တဲ့ ယူရီယားကို ရွက်ဖျန်းမြေဩဇာအဖြစ် ဆေးဖျန်းပုံးတစ်ပုံးလျှင် ၄ ဇွန်းမှ ၁၆ ဇွန်းထိ ထည့်သွင်းပက်ဖြန်းခြင်း၊ NPK ရွက်ဖျန်းမြေဩဇာကို ဖျန်းပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနက ပညာပေးလျှက်ရှိသည့် ငါးအမိုင်နို သဘာဝ ရွက်ဖျန်းအားဆေးကို ကိုယ်တိုင်ပြုလုပ်သုံးစွဲခြင့်အားဖြင့် အပင်ပြန်လည်ကြီးထွားဖို့ အသုံးပြုခြင်း၊ ငါးအမိုင်နို ပြုလုပ်သည့်အခါ လိုအပ်သည့် EM ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် လာရောက်ဆက်သွယ်ယူနိုင်ကြောင်း စသည့် နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိမွန်ကျော်က Online မှတစ်ဆင့် ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)