စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန် စိမ်းများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၁/၂၀၂၁)တက်ရောက်

မုံရွာ အောက်တိုဘာ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် နှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၃၀)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ပြည်လုံးချမ်းသာကျောင်းတိုက် ဦးဣဿရိယ ဆရာတော်ကြီးနှင့် ထန်းတောရပ်ကွက်၊ ကျေးဇူးရှင်ကျောင်း တိုက် ဦးတေဇနိယ (ရွှေကျင်) ဆရာတော်ကြီးတို့ထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ၊ ဆွမ်းဆန်စိမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ထန်းတော ရပ်ကွက်၊ မြို့မရွှေကြာရုံကျောင်းတိုက် ဦးကဝိန္န ဆရာတော်ကြီးနှင့် ရုံးကြီးရပ်ကွက်၊ အရှေ့လေးထပ် ကျောင်းတိုက် ဦးသုမန ဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ၊ ဆွမ်းဆန်စိမ်းများ အသီးသီးသွားရောက် ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃၁/၂၀၂၁)သို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများနှင့် ပညာပေးဆောင်ရွက်မှုများကို စဉ်ဆက်မပျက် ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၆ မြို့တွင် ၃ မြို့နယ်သာ ကျန်ရှိပြီး ပိုးတွေ့မှု သိသိသာသာ လျော့နည်း လာတာကိုလည်း တွေ့ရှိရပါကြောင်းနှင့် ၎င်း ၃ မြို့နယ်အားလည်း Stay at Home သက်မှတ်ထားခြင်းမှ လျော့ချနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကြိုးပမ်းဆောင်ရွက် ကျရန် လိုအပ်ပါကြောင်း၊  တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့လူထုအစီအစဉ်ဖြင့်  ဆောင်ရွက်ပေးသည့် အောက်ဆီဂျင် Plan စက်ရုံများလဲ လည်ပတ်နေပြီး ရောဂါပိုးတွေ့ရှိမှုလည်း လျော့ကျလာ၍ အောက်ဆီဂျင်လိုအပ်မှု မရှိတော့ပါကြောင်း၊ Quarantine Center များ ပြန်လည်ရုပ်သိမ်းရာတွင် အသုံးပြုထားသည့် ပစ္စည်းများအား စနစ်တကျထုပ်ပိုးသိမ်းဆည်း ကြရန်လိုအပ်ပါကြောင်း၊  ပညာပေး လုပ်ငန်းများကိုလည်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် ပြည်သူများကလည်း လိုက်နာကြရန် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် ကာကွယ်ဆေးထိုးနှံမှုကိုလည်း ရောက်ရှိ လာသည့် ကာကွယ်ဆေးများအား သက်မှတ်ချက်နှင့်အညီ အမြန်ထိုးနှံကာ စနစ်တကျစာရင်း သွင်းကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊  ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေး တင်ပြကြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အစည်းအဝေး ကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

 ဝင်းဦး(​ဇေယျာတိုင်း)