မြိတ် အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၂၀၂၁-၂၂) ကာလတို ဘဏ္ဍာရေး နှစ် ရန်ပုံငွေကျပ်သိန်း(၄၀၀)ဖြင့် မြိတ်မြို့နယ် ကျေးရွာ(၄)ရွာ၌ ကျေးရွာလူထုကိုယ်တိုင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျေးရွာတစ်ရွာကို သိန်း(၁၀၀)ကျပ် ထောက်ပံ့ပေးပြီးတော့ ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်တဲ့ လုပ်ငန်းစီမံကိန်းဖြစ်ပါတယ်။ ကျေးရွာလူထုကိုကော်မတီဖွဲ့ပေးပြီး သင်တန်းတွေ ပေးပါတယ်။ ကော်မတီက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါ လုပ်ငန်း အရည်အသွေးပြည့်မီအောင် ကြီးကြပ်ပေးပါတယ်။ ကျေးရွာ ရေပေးဝေရေးနှင့် ရွာတွင်းလမ်းတွေ ဆောင်ရွက်မယ့်ရွာတွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးက ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၃၀)ခုနှစ်တွင် ကျေးရွာများ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရန် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကျေးရွာ ရေပေးဝေရေးနှင့် ရွာတွင်းလမ်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို (၂၀၁၇-၁၈) ဘဏ္ဍာရေးနှစ်မှစတင်ကာ ဆောင်ရွက်ခြင်းဖြစ်ပြီး မြိတ်မြို့နယ်၌ ကျေးရွာစုစုပေါင်း(၄၂)ရွာတွင် စီမံကိန်းဘဏ္ဍာ ရန်ပုံငွေဖြင့် ကျေးရွာလူထုများ ကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၁-၂၂) ကာလတို ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် သိန်း (၄၀၀)ဖြင့် မြိတ်မြို့နယ်တွင် ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံးအစည်း အဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သည့် ကျေးရွာကို စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်)