ကျောင်းကုန်း အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ သုံးမြွှာပူးကလေး မိခင်အား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ငွေကျပ်(၁)သိန်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ သုံးမြွှာပူးမွေးဖွားသောမိခင်မှာ ဇရပ်ဆိပ်အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင်နေထိုင်ပြီး၊ အသက်(၂၅)နှစ်ရှိ မခင်စန်းမိုးသည် လက်လုပ်လက်စား သာမန်မိသားစုဖြစ်ကြောင်း၊ ယခင်ကလေး(၂)ယောက်မွေးဖွားထားကာ ယခုသုံးမြွှာပူး နှင့် ဆိုလျှင်(၅)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
သုံးမြွှာပူးကလေးသုံးယောက်အား မိခင်နို့ဖြင့် လုံလောက်မှုမရှိသဖြင့် နို့ဗူးပါ ထပ်မံ ဝယ်တိုက် နေရကြောင်းကြားသိရသဖြင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကလေး အာဟာရအတွက် ငွေကျပ်(၁)သိန်းထောက်ပံ့ပေးခြင်းဖြစ်ပြီး၊ လှူဒါန်းလိုသည့် အလှူရှင်များ လည်း လာရောက် လှူဒါန်းနိုင်ပါကြောင်း မြို့နယ်ဆရာဝန်ကြီးက တိုက်တွန်းနှိုးဆော်ထား ကြောင်း သိရသည်။
ဝင်းကြိုင်