မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာနှင့်စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

မြဝတီ အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် ယနေ့နံနက်(၈)နာရီက အသိပညာပေးနှိုးဆော် ပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲ နေအိမ်ပြင်ပမထွက်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များ ပါဝင်သည်။   

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)