ထားဝယ် အောက်တိုဘာ ၁
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသော ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက လမ်းသွား/လမ်းလာ ပြည်သူများနှင့် စျေးသူ/စျေးသား များအား ပန်းခင်းစီမံချက်လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများက အာဇာနည်လမ်း၊ ရှမ္မလည်ဆွဲရပ်၊ ဓာတ်ဆီဆိုင်လမ်းဆုံနှင့် ဗျောတောဝရပ်၊ မေတ္တာလမ်းဆုံတို့တွင် လမ်းသွား/လမ်းလာ ပြည်သူများအားလည်းကောင်း၊ သဗြေချောင်းစျေးရှိ စျေးသူ/စျေးသားများအားလည်းကောင်း ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှထုတ်ဝေထားသော ပန်းခင်းစီမံချက်လက်ကမ်းစာစောင်မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာများ အရောက်ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးတယ်။ အိမ်ထောင်စုစာရင်းမရှိသူများ၊ နိုင်ငံသားကတ်မရှိသူများ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းလာကောက်ချိန်မှာ မှန်မှန်ကန်ကန် စာရင်းပေးသွင်းခြင်းဖြင့် အချိန်တိုတိုအတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ရရှိနိုင်မှာဖြစ်တယ်။ နိုင်ငံသားကတ်မှတ်ပုံတင်ရှိခြင်းကြောင့် မိမိတို့၏ လူမှုရေး အလုပ်အကိုင် ရရှိရေး၊ သွားလာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝ မြှင့်တင်နိုင်မှာဖြစ်တယ်။ စီမံချက်နှင့်ပတ်သက်သည့်သိမှတ်ဖွယ်ရာများ ပါရှိသော လက်ကမ်းစာစောင် အစောင်(၆၀၀)ကို ကျွန်တော်တို့အနေနဲ့ အများပြည်သူများကို အခမဲ့ ဖြန့်ဝေပေးခဲ့ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးဦးကျော်ကျော်နိုင်က ပြောသည်။
ခရိုင်(ပြန်/ဆက်)