မြဝတီ အောက်တိုဘာ ၁
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ၃၀၃ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
နေရပ်ပြန် မြန်မာနိုင်ငံသားများအား ပြန်လည် ကြိုဆိုလက်ခံရာတွင် ယခင်က တစ်နေ့လျှင် ၂၀၀ ဦးကို တစ်ရက်ခြား လက်ခံပေးလျက်ရှိရာမှ ယခုအခါ စက်တင်ဘာ ၂၆ ရက်နေ့မှ စတင်ပြီး တစ်နေ့လျှင် ၅၀၀ ဦးထိ တစ်ရက်ခြား ပြန်လည် ကြိုဆို လက်ခံပေးလျက်ရှိသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ မြဝတီမြို့ရှိ သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး ဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည် နယ်များ သို့ ပြန်လည်ပို့ဆောင် ပေးခြင်းများကို ဆောင်ရွက်ပေးသည်။
“ကျွန်တော်တို့ပြည်တော်ပြန် လက်ခံတာနဲ့ပတ်သက်လို့ ၂၀၂၀ ပြည့်နှစ် ၃ လပိုင်းကစပြီး ချစ်ကြည်ရေး တံတားအမှတ်(၁)ကို ယာယီပိတ်ပြီး တံတားအမှတ် ၂ ကနေ လက်ခံခဲ့တာပေါ့၊ နောက်ပိုင်း တစ်ဖက် ထိုင်းနိုင်ငံမှာရော ကိုဗစ်ဖြစ်ပွားမှုများလာလို့ ၂၀၂၁ ခုနှစ် ၈ လပိုင်း ၁ ရက်နေ့က စပြီး တစ်ရက်ခြား ၂၀၀ ဦးနဲ့ ပြင်ဆင် လက်ခံခဲ့တာပေါ့၊ အခုကတော့ တစ်ဖက် ထိုင်းနိုင်ငံမှာလည်း ကိုဗစ် ဖြစ်ပွားမှု လျော့နည်းလာတယ်၊ ကျွန်တော်တို့ နိုင်ငံမှာလည်း ကိုဗစ်ဖြစ်ပွားမှု နည်းလာတာရယ် တစ်ဖက် နိုင်ငံမှာ ရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ ဒုက္ခရောက်ကြတာ တွေရယ်ကြောင့် အခုလို တစ်ရက်ခြား ၅၀၀ ဦးထိ လပ်ခံပေးတာပါ” ဟု မြဝတီခရိုင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက ပြောသည်။
ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ် အသီးသီးမှ အမျိုးသား ၁၈၇ ဦး၊ အမျိုးသမီး ၁၁၆ ဦး စုစုပေါင်း ၃၀၃ ဦးရှိကြောင်း သိရသည်။
ထိန်လင်းအောင်