မကွေး အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့ နံနက်ပိုင်း အချိန်က မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ မင်းလှမြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီး မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာသို့ရောက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ် ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာမကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ ဒေသခံပြည်သူများ အတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်း အောက်စီဂျင်ပျက်လပ်မှု မရှိစေရေး စီမံဆောင်ရွက်နေမှုများ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် အဖွဲ့ဝင်များသည် မင်းလှမြို့နယ် တောင်ဦးကျေးရွာတွင် ၄၂'x၅၄' RC ပင်မဆောင် ဆေးခန်း ဆောက်လုပ်နေမှု၊ ၃၆'x၃၀' (၂)ခန်းတွဲ အိမ်ယာ (၁)လုံး၊ ၃၇ ပေခွဲ ၃၈ပေ (၃)ခန်းတွဲ အိမ်ယာ(၁)လုံး ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မှီရေး၊ သတ်မှတ်ကာလ အတွင်း အချိန်မှီပြီးစီးရေး ဆောင်ရွက်ရန် ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် အဖွဲ့ဝင်များသည် မင်းလှမြို့နယ် တောင်ဦး ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ဆောင်များ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ မင်းလှမြို့၊ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ၁၄၀'x ၃၀' RCC နှစ်ထပ်စာသင်ဆောင်ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းဉပဓိရုပ်ကောင်းမွန်ရေး အစဉ်အမြဲ ဆောင်ရွက်ရန်နှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး စနစ်တကျစီမံဆောင်ရွက်ရန်နှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြား ခဲ့ပါသည်။
ဆက်လက်၍ မင်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်တွင် သုတ၊ရသစာအုပ်စာစောင်များ ငှားရမ်းပေးနိုင်ရေး စင်တင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Mini Museum(ပြတိုက်ငယ်) တွင် ဒေသတွင်း အထင်ကရ နေရာများနှင့် ဒေသထွက် ပစ္စည်းများ ခင်းကျင်းပြသထားမှု အခြေအနေနှင့် ကလေးစာဖတ်ခန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုံခြုံရေး၊ ဝန်ထမ်းများ လုံခြုံရေး ဂရုပြုဆောင်ရွက်ရန်၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး အလေးထား ဆောင်ရွက်ရန် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)