ငဖဲမြို့နယ်၌ မိုးစပါးစိုက်ဧက(၈၆၄)ဧက ကျော်လွန်စိုက်ပျိုးပြီးစီး

ငဖဲ အောက်တိုဘာ ၁

 

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ၌ ၂၀၂၁ ခုနှစ်၊မိုးစပါးစိုက်ဧက(၈၃၁၁)ဧက စိုက်ပျိုး ပြီးစီးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက်စိုက်ဧကမှာ မနောသုခ(၂၆၉၃)ဧက၊ဆင်းသုခ (၁၉၅၂)ဧက၊ ရတနာတိုး (၁၃၁၇)ဧက၊ ဧရာမင်း (၁၇၀၉)ဧက၊ ကောက်ညှင်း (၃၃)ဧက နှင့် တောင်ယာစပါး(၆၀၇)ဧက စုစုပေါင်း (၈၃၁၁) ဧက စိုက်ပျိုးပြီးစီးပြီး ယခင်နှစ်ကထက် (၈၆၄)ဧကကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရှိရသည်။ ငဖဲမြိုနယ်တွင် ၂၀၂၀ပြည့်နှစ် မိုးစပါးဧက (၉၆၅၄) ကျော်စိုက်ပျိုးရန်လျာထားခဲ့ရာမှ စိုက်ဧက (၇၆၂၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက (၇၆၂၇) ဧကတွင် တစ်ဧကအထွက်နှုန်း (၇၆.၁၀) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

 

မိုးစပါးစိုက်ပျိုးရန်ရေကို အစိုးရဆည်များဖြစ်သော မန်းချောင်းရေလှောင်တမံဆည်မှ (၂၉၇၁)ဧက၊ ရင်းရှည်ရေလှောင်တမံဆည်မှ (၁၉၈)ဧက၊ ဆည်ငယ်၊ကန်ငယ်များမှ (၄၁၇၅)ဧက၊ မိုးရေမှ (၃၆၀) ဧက နှင့် တောင်ယာစိုက်ဧက (၆၀၇) ဧကသို့ စိုက်ပျိုးရေရရှိပြီး စိုက်ပျိုးပြီးစီးခဲ့သည်။

 

ယခုနှစ်မိုးစပါးကို ယခင်နှစ်ကထက် ၈၆၄ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခြင်းမှာ တောင်ယာစပါး စိုက်ပျိုးမှုနှင့် မိုးရွာသွန်းမှုမှာ ယခင်နှစ်ကထက် ပိုမိုလာခြင်း၊ မိုးကောင်းသောက်လယ်များသို့ ဆည်ငယ်၊ ကန်ငယ်များမှ ရေဝင်ရောက်မှုများပြားသောကြောင့်ဖြစ်ကြောင်းသိရသည်။

မယု(ငဖဲ)